Home
နိုင်ငံတကာ
ရုရှားထောင်ဝန်ထမ်းများကို ဓားစာခံ ဖမ်းဆီးခဲ့သည့် အစ္စလာမ္မစ်အကျဉ်းသားများကို ရှင်းလင်း
DVB
·
August 24, 2024
Photo -REUTERS

ရုရှားနိုင်ငံ ဗော်လ်ဂိုဂရဒ်ဒေသရှိ ရာဇ၀တ်အကျဉ်းထောင်တခုမှာ ဓားကိုင်အကျဉ်းသားတွေရဲ့ ဓားနဲ့ ထိုးခံရပြီး ဓားစာခံ ဖမ်းဆီးခံထားရတဲ့ အကျဉ်းထောင်ဝန်ထမ်း ၄ ယောက်ကို ကယ်တင်ဖို့  ဩဂုတ် ၂၃ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ထောင်ကိုစီးနင်းခဲ့ပြီး အဲဒီအကျဉ်းသား ၄ ယောက်ကို အသေပစ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ဗော်လ်ဂိုဂရဒ်ဒေသရှိ ရုရှားအမျိုးသား အစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ အကျဉ်းထောင် ဝန်ထမ်းတွေကို ဓားစာခံ ဖမ်းဆီးထားတဲ့ တိုက်ခိုက်ရေးအကျဉ်းသား ၄ ယောက်ကို စနိုက်ပါတွေနဲ့ အတိအကျပစ်ချက် ၄ ချက်ကို ပစ်ခတ်ခဲ့ပြီး ဓားစာခံတွေလည်း လွတ်မြောက်လာပြီလို့ အမျိုးသားအစောင့်တပ်ဖွဲ့က ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန RIA မှာ ဖော်ပြပါတယ်။ 

တိုက်ခိုက်သူ ၄ ဦးစလုံး ရှင်းလင်းသွားပြီလို့ ဖက်ဒရယ်အကျဉ်းထောင်ဌာနက ပြောပါတယ်။

သူတို့ကိုယ်သူတို့ IS စစ်သွေးကြွတွေလို့ ဖော်ပြကာ အွန်လိုင်းဗီဒီယိုတွေ တင်ခဲ့တဲ့ ဓားကိုင် အကျဉ်းသားတွေဟာ စုစုပေါင်း အကျဉ်းထောင်ဝန်ထမ်း ၈ ဦးနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၄ ဦးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။ 

ဓားစာခံ ဝန်ထမ်း ၄ ဦး ဟာ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး တခြားသူတွေကို ဆေးရုံမှာ ကုသ ပေးထားပါတယ်။ 

တိုက်ခိုက်သူတွေ တင်ထားတဲ့ ဗီဒီယိုတခုထဲမှာ သေဆုံးသူတွေဟာ သွေးအိုင်ထဲမှာ လဲနေကြပြီး သူတို့ထဲက တဦးဟာ လည်ချောင်း လှီးဖြတ်ခံထားရပြီး ဓားကိုင်အကျဉ်းသား တဦးက သူတို့ဟာ အစ္စလာမ်မစ် နိုင်ငံတော်ရဲ့ “မူဂျာဟီဒင်တွေပဲ” လို့ ကြွေးကြော်ခဲ့ပါတယ်။ 

အခင်းဖြစ်ပွားမှုမှာ ပါဝင်တဲ့ အကျဉ်းသား တဦးဟာ ဖောက်ခွဲရေးပစ္စည်းတွေ ဆင်ထားတဲ့ အင်္ကျီကို ၀တ်ဆင်ထားပုံရပြီး ကျန်သူတွေက ဓားတွေ၊ တူတွေ ကိုင်ဆောင်ထားပါတယ်။ 

ဒါ့အပြင် ရုရှားဟာ နေရာတိုင်းမှာ မွတ်ဆလင်တွေကို ဖိနှိပ်နေတယ်ဆိုတဲ့ တုန်လှုပ်စရာ စကားတခုကိုလည်း မက်ဆေ့ချ် ချန်ထားတယ်လို့ ဆိုပါတယ်။ 

သံသယရှိသူ ၄ ဦးဟာ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသားတွေဖြစ်ကြောင်းနဲ့ ၃ ဦးမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေပြီး နောက်တဦးမှာ မရည်ရွယ်ထားတဲ့ လူသတ်မှုကြောင့် ထောင်ကျသူ ဖြစ်ကြောင်း ရုရှားသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

သမ္မတ ပူတင်ဟာ လုံခြုံရေးကောင်စီရဲ့ အပတ်စဉ်အစည်းအဝေးမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး၊ FSB လုံခြုံရေးအကြီးအကဲနဲ့ အမျိုးသားအစောင့်တပ်ဖွဲ့အကြီးအကဲတို့ဆီ ကနေ ကြားသိလိုကြောင်း မိန့်ခွန်းပြောကြားခဲ့ပြီးနောက်မှာ ဓားစာခံလွတ်မြောက်ရေး စစ်ဆင်ရေး ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024