ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကက်စ်ဒေသထဲက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ကာကွယ်ဖို့အတွက် ပွန်တွန်းတံတားတွေကို အမေရိကန်လုပ် လက်နက်တွေနဲ့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ရေပေါ်တံတားလို့လည်းခေါ်နိုင်တဲ့ အမြန်ထိုးလို့ရတဲ့ ပွန်တွန်းတံတားတွေကို ရုရှားတပ်တွေက ဩဂုတ် ၁၇ ရက်နဲ့ ၂၁ ရက်ကြားမှာ ထပ်ထိုးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းတပ်တွေက ရုရှားထောက်ပို့လမ်းကြောင်းအတွက် အဓိကကျတဲ့ တံတားတွေကို ဖျက်ဆီးခဲ့အပြီးမှာ အခုလို အမြန်ထိုးလို့ရတဲ့ ပွန်တွန်းတံတားတွေကို ရုရှားဘက်က ထပ်ထိုးခဲ့တာ ဖြစ်ပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းထိုးစစ်ကို တန့်အောင် လုပ်နိုင်ခဲ့ပြီဖြစ်သလို ယူကရိန်း အရှေ့ပိုင်းမှာလည်း နယ်မြေတွေ ထပ်ရတယ်လို့ ကြေညာထားပါတယ်။
ဩဂုတ် ၆ ရက်က ကက်စ်ဒေသကို တန်ပြန်ကျူးကျော်ပြီးကတည်းက ယူကရိန်းဟာ စစ်မြေပြင်မှာ အောင်ပွဲတွေ တောက်လျှောက်ရနေတာ ဖြစ်ပါတယ်။
၂ နှစ်ခွဲလောက်ကြာလာတဲ့ စစ်ပွဲမှာ တန်ပြန်ထိုးစစ်မတိုင်ခင်အထိ မော်စကိုဘက်ကပဲ ယူကရိန်းအရှေ့ပိုင်းကို တလက်မချင်း တိုးတိုးသိမ်းနေတာ ဖြစ်ပါတယ်။
အရှေ့ယူကရိန်း ရုရှားထိုးစစ်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ပိုခရော့ဗ်စ်တဝိုက်မှာ စစ်အင်အားဖြည့်ပြီး ခုခံထားတယ်လို့လည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ပုံမှန်ရုပ်သံမိန့်ခွန်းတခုမှာ ဇလန်းစကီးက မဟာမိတ်တွေအနေနဲ့ ကတိပြုထားတဲ့ လက်နက်ခဲယမ်းတွေကို ဆက်ပို့ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းရဲ့ အဓိက မဟာမိတ်တဦးဖြစ်တဲ့ ဂျာမနီအဓိပတိ အိုလာ့ဖ်ရှုိ့လ်ဇ်ကတော့ ဒီတန်ပြန်ကျူးကျော်မှုအကြောင်း ဂျာမနီကို ကြိုအသိပေးထားတာမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် နေရာနဲ့ အချိန်အရ တွက်မယ်ဆိုရင် အခုထိုးစစ်ဟာ အကန့်အသတ်နဲ့ပဲ လှုပ်ရှားတာ ဖြစ်မယ်လို့လည်း ရှုိ့လ်ဇ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားမြို့တော် မော်စကိုကို ဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၁ ရက် တနေ့တည်းတင် ဒရုန်း ၁၁ စင်း ပစ်ချခဲ့ရတယ်လို့ ရုရှားတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
ရုရှားနယ်မြေထဲမှာ ဒရုန်း ၄၅ စင်းအထိ ဖျက်ဆီးခဲ့ရပြီး ခုခံကာကွယ်နိုင်တယ်ဆိုတဲ့ သဘောမျိုး ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။
ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပေမဲ့ ခုခံကာကွယ်ထားနိုင်တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။
Source-Reuters