Home
နိုင်ငံတကာ
ဟန်ဂေရီစည်းမျဉ်းအပြောင်းအလဲကြောင့် ယူကရိန်းစစ်ရှောင်များ အိမ်ရာထောက်ပံ့မှု ဆုံးရှုံး
DVB
·
August 22, 2024
Photo - Reuters

ယူကရိန်းဒုက္ခသည်တွေအတွက် ဟန်ဂေရီအစိုးရရဲ့ နေရာထိုင်ခင်း ကူညီပံ့ပိုးပေးမယ့် အခြေအနေတွေကို တင်းကျပ်ထားတဲ့ အပြောင်းအလဲတွေ အသက်ဝင်လာတာကြောင့် ယူကရိန်းကနေ ဟန်ဂေရီကို တိမ်းရှောင်လာတဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ဖို့ ဒါမှမဟုတ် နိုင်ငံတွင်းကို အတင်းအကျပ် ပြန်ပို့ခံရမယ့်အန္တရာယ်ရှိနေကြောင်း NGO နဲ့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီတို့မှ သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။

စည်းမျဥ်းသစ်အရ ဟန်ဂေရီအစိုးရဟာ စစ်ဘေးဒဏ်သင့်ဒေသတွေကနေ လာသူတွေလို့ ယူဆရတဲ့ ယူကရိန်းနိုင်ငံသားတွေကိုသာ နိုင်ငံတော်မှ ထောက်ပံ့တဲ့ အိမ်ရာတွေမှာ နေရပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ 

ဒီအပြောင်းအလဲကြောင့် ထိခိုက်ရတဲ့ လူပေါင်း ခန့်မှန်းခြေ လူ ၂,၀၀၀ မှ ၃,၀၀၀ ကြား ရှိတယ်လို့ ဟန်ဂေရီရဲ့ ဟယ်လင်းစကီးကော်မတီရဲ့ ဒုက္ခသည်အစီအစဉ် ဒါရိုက်တာ အာနီကို ဘာကွန်ယီက ပြောပါတယ်။

ခရော့(က်စ်)ရွာမှ ဟန်ဂေရီဘာသာစကားပြောပြီး လူနည်းစု ရိုးမား အသိုင်းအဝိုင်းမှ အများစု အပါအဝင် ရာနဲ့ချီတဲ့ အမျိုးသမီးနဲ့ ကလေးအများစုဟာ ဒေသခံ ခိုလှုံရေးစခန်းကနေ ထွက်ပေးရတာကြောင့် သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ လမ်းပေါ်မှာ ထိုင်နေကြပါတယ်။ 

ရုရှား ကျူးကျော်မှုရဲ့ ရှေ့တန်းနယ်မြေကနေ ဝေးကွာတဲ့ အနောက်ပိုင်း ထရန်စ်ကာပါသီယာ ဒေသကိုလည်း ပြန်မသွားချင်တော့ပဲ သူတို့ရဲ့ဆယ်ကျော်သက်အရွယ် သားယောကျ်ားလေးတွေ စစ်မှုထမ်းရမှာကို စိုးရိမ်နေကြပါတယ်။ 

ဥရောပအလယ်ပိုင်းရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ် ဂယူလီယာ နာဘိုနီက ဒီလူတွေအတွက် ရွေးချယ်စရာမရှိတော့မှာကို အေဂျင်စီအနေနဲ့ စိုးရိမ်မိပြီး သူတို့ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ယူကရိန်းကို ပြန်လာမလား ဒါမှမဟုတ် အိုးမဲ့အိမ်မဲ့ နေရမယ့်အဖြစ်ကို ရင်ဆိုင်ရတော့မယ်လို့ ဆိုပါတယ်။ 

ကိုယ့်နိုင်ငံကို ပြန်ဖို့ဆိုတာ အခြေခံအခွင့်အရေးတခုအနေနဲ့ ဆက်ရှိနေသင့်ပြီး ဒါဟာ အသိပေးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သင့်ကြောင်း၊ အတင်းအကျပ် လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ ဆန္ဒအလျောက် လိုလိုလားလား ဖြစ်သင့်ပါတယ်လို့လည်း နာဘိုနီက ပြောပါတယ်။ 

UNHCR က ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ဟန်ဂေရီအစိုးရကို တောင်းဆိုနေတယ်လို့လည်း ဆိုပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013