ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို လွန်ခဲ့တဲ့ ၂ ပတ်နီးပါးလောက်က ကိယက်ဗ်တပ်ဖွဲ့တွေ ကျူးကျော် ဝင်ရောက်ပြီးနောက်မှာ ကာ့စ်ခ်ဒေသက လူပေါင်း ၁၂၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံ တောင်ပိုင်းရှိ မြို့အသီးသီးကို ရောက်ရှိလာတဲ့ ကာ့စ်ခ်ဒေသက ကယ်ထုတ်ခဲ့တဲ့ အရပ်သားဒေသခံတွေရဲ့ ဗီဒီယိုကို သြဂုတ် ၁၉ ရက်မှာ ထုတ်ပြခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ အဆိုအရ နောက်အကျဆုံး လွတ်မြောက်လာသူ အုပ်စုကို ဆာရာတို့ဗ်၊ ဆမာရာနဲ့ တမ်ဘော့ဗ် ဒေသတွေဆီကို ခေါ်ဆောင်သွားခဲ့ပြီး အများစုမှာ သက်ကြီးရွယ်အိုတွေ၊ အကန့်အသတ်နဲ့ သွားလာလှုပ်ရှားနေရသူတွေ ဖြစ်ပါတယ်။
ရုရှားနိုင်ငံ ဒေသ ၂၄ ခုမှာ ယာယီတည်းခိုနေထိုင်ရေးစင်တာ ၁၇၄ ခု တည်ထောင်ထားကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ကလေး ၃,၀၀၀ အပါအဝင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်သူ ၁၀,၀၀၀ ကျော် ခိုလှုံနေထိုင်ကြတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေဟာ လူထောင်ပေါင်းများစွာကို ယူကရိန်းနယ်စပ်ကနေ ရွှေ့ပြောင်းပေးခဲ့ပြီး တိုက်ခိုက်မှုအပြီးမှာ လူပေါင်း ၂ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ရုရှားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ဩဂုတ် ၆ ရက်ကတည်းက ကာ့စ်ခ်မှာ ၁,၁၅၀ စတုရန်းကီလိုမီတာကျော် ရပ်ရွာပေါင်း ၈၀ ကျော်ကို သိမ်းယူခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ အကြီးမားဆုံး ကျူးကျော်ခံရမှု ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို သူ့နိုင်ငံက ချေမှုန်းခဲ့တာဟာ ကရင်မ်လင်က လက်တုံ့ပြန်မယ့် ခြိမ်းခြောက်မှုတွေဟာ မှုန်ဝါးဝါးပဲ ဖြစ်တယ်ဆိုတာ ပြသနေတယ်လို့ သြဂုတ် ၁၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံရပ်ခြားက ပံ့ပိုးတဲ့လက်နက်တွေကို အသုံးပြုခြင်းအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့လည်း ကိယက်ဗ်ရဲ့ မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
မဟာမိတ်တွေက ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် ယူကရိန်းဟာ ရုရှားစစ်ဘက် ပစ်မှတ်တချို့ကို ထိမှန်အောင်ပစ်ဖို့ လက်နက်တွေကို အသုံးမပြုနိုင်ခဲ့ကြောင်းနဲ့ စစ်ပွဲအတွင်း ကိယက်ဗ်ကို ကူညီတဲ့နေရာမှာ ရဲရဲတင်းတင်း ဆုံးဖြတ်ချက်တွေ ချထားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံကို ထိုးဖောက်ဝင်ရောက်ခဲ့ပေမဲ့ တခြားနေရာတွေမှာ ခုခံကာကွယ်မှုတွေ လုပ်ဆောင်နေရပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားက ဆက်တိုက် ရှေ့တိုးချီတက်လာနေတဲ့ မဟာဗျူဟာမြောက် အရှေ့ပိုင်းမြို့ ပေါ့ခ်ရို့ဗ်စ်ခ်ကို ကာကွယ်ဖို့ တိုက်ပွဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
Source-Reuters