Home
မြန်မာသတင်း
ကလေးမြို့ နန်းချောင်းရွာက စစ်ရှောင် ၁,၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
DVB
·
August 20, 2024

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာက စစ်ဘေးရှောင်ဦး‌ရေ ၁,၀၀၀ ကျော်ဟာ နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လက်ရှိမှာ နန်းချောင်းရွာက စစ်ဘေးရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာ‌ နေထိုင်နေကြရတာပါ။

စစ်ဘေးတိမ်းရှောင်ချိန်တုန်းက ဘာတခုမှ ပါမလာခဲ့သလို စစ်ကောင်စီက နေအိမ်တွေ မီးရှို့လိုက်တာကြောင့် ရွာမှာကျန်ရှိတဲ့ ပစ္စည်းတွေ သယ်ယူလို့မရဘဲ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ နန်းချောင်းရွာက စစ်ဘေးရှောင် ဦးဘွဲန်ပြောင်က ပြောပါတယ်။

စစ်ကောင်စီက ဧပြီ ၄ ရက်က နန်းချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ပြီး ဒေသခံ ကာကွယ်ရေးတပ်‌တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ နန်းချောင်းရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒေသခံ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီစစ်ကြောင်း ရှိနိုင်တာကြောင့် တညလောက် ရွာကရှောင်ကြဖို့ သတိပေးရာကနေ တိမ်းရှောင်လာကြရာ ၅ လလောက် ရှိသွားပြီဖြစ်ပြီး အခက်အခဲမျိုးစုံနဲ့ နေထိုင်‌နေရတယ်လို့ နန်းချောင်းရွာက စစ်ရှောင်အမျိုးသမီး ဒေါ်နှိုင်ပြောင်းက ပြောပါတယ်။

“ရွာကို စစ်သားတွေဝင်လာနိုင်တယ်။ PDF တွေက တညလောက်ရှောင်ပါပြောလို့ တညလောက်ရှောင်ဖို့ ထွက်လာခဲ့ကြတာ။ ဒါပေမဲ့ တခါတည်းနဲ့ စစ်သားတွေက ငါတို့ရွာကို ဝင်ပြီးတော့မှ မီးတွေရှို့ အိမ်တွေမီးလောင် ပြန်လို့မရတော့ဘူး‌။ ငါတို့က ဘာတခုမှလည်း ပါမလာကြဘူးလေ။ ယူဖို့အချိန်မရှိဘဲ ဒီကိုရောက်လာကြတာ။ ဒီမှာက အခက်အခဲတွေက အများကြီးရှိတယ်။ ကိုယ်တိုင်ကလည်း အသက်ကြီးတော့ ဘာမှမလုပ်နိုင်ဘူး။ အခက်အခဲမျိုးစုံနဲ့ နေနေရတာ။”

အဆိုပါ နန်းချောင်းရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လူဦး‌ေရ ၁,၀၀၀ ‌ကျော် ရှိပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက တခါတရံ လာရောက်ကူညီတာ ရှိပေမဲ့ လုံလောက်မှုမရှိကြသေးဘူးလို့ ဆိုပါတယ်။

နန်းချောင်းရွာကနေ စစ်ဘေးတိမ်းရှောင်လာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့လူတွေလည်း ရှိနေကြပြီး သူတို့အတွက် ကျန်းမာရေးအကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ဆိုပါတယ်။

နေအိမ်မီးရှို့ခံထားရတာ သိပေမဲ့ မိမိနေအိမ်ကို ပြန်ချင်‌နေပြီး မီးလောင်လို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ရှာယူချင်နေတယ်လို့ စစ်ဘေးရှောင်ရင်း ယပ်တောင်ရစ်ကာ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ ဦးကပ်ထဲအိုက ‌ပြောပါတယ်။

“ဒီမှာနေရတာက အဆင်ပြေသလို နေလို့ရတယ်။ အိမ်မှာထားခဲ့တဲ့ပစ္စည်းတွေ အဝတ်အစား‌တွေ အကုန်လုံးပေါ့နော့။ ထားခဲ့တာတွေ အကုန်လုံး ပြန်ယူချင်တယ်။ ပြန်ရှာချင်တယ်။ အဲဒီအတွက် အရမ်းစိတ်ညစ်ရတယ်။”

ကလေးမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံ ပြည်သူနေအိမ် ၅,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး စစ်ဘေးရှောင် ၃၀,၀၀၀ နဲ့အထက်မှာ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013