ယူကရိန်းတပ်တွေဟာ ရုရှားကက်စ်ဒေသထဲမှာ စတုရန်းကီလိုမီတာ ၁,၂၅၀ အထိ သိမ်းပိုက်ထားနိုင်ပြီး ဖြစ်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ အတွင်းပိုင်းအထိ အနာက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ လက်နက်တွေသုံးပြီး တိုက်ခွင့်ပေးဖို့ကိုလည်း ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။
ရုရှားအနောက်ပိုင်းဒေသကို ယူကရိန်းတပ်တွေ ထိုးဖောက်တိုက်ခိုက်တာ နှစ်ပတ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
စစ်ပွဲကို အကဲဖြတ်ရာမှာ တချို့ မဟာမိတ်တွေက ထည့်စဉ်းစားတဲ့အချက်ဖြစ်တဲ့ ရုရှားနဲ့ ပတ်သက်လာရင် ဘယ်လိုလုပ်ရင်တော့ စည်းကျော်သွားမလားဆိုတဲ့ အယူအဆက ပျက်သွားပြီလို့ ဇလန်းစကီးက သုံးသပ်ပါတယ်။
ယူကရိန်းတပ်တွေဟာ လူနေရပ်ရွာ ၉၂ ခုအထိ သိမ်းပိုက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။
ရုရှားနယ်မြေမှာ လက်နက်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ လက်ရှိ ကန့်သတ်ချက်တွေကိုသာ မိတ်ဖက်နိုင်ငံတွေက ရုပ်သိမ်းပေးမယ်ဆိုရင် ကက်စ်ဒေသထဲကို တပ်ဖွဲ့တွေ ကိုယ်တိုင်ကိုယ်ကျ ဝင်စရာတောင် မလိုဘူးလို့လည်း ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။
စစ်ဘက်လေတပ်စခန်းတွေ၊ သိုလှောင်ရုံတွေလို ရုရှားနိုင်ငံတွင်းက စစ်ရေးပစ်မှတ်တွေကို တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပေးဖို့ ယူကရိန်းဘက်က မဟာမိတ်တွေကို တောင်းဆိုခဲ့တာ ကြာပြီဖြစ်ပါတယ်။
ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် အရှေ့ပိုင်းဒေသ ပိုခရော့စ်နဲ့ တိုရက်စ် မြို့နှစ်မြို့မှာ ရုရှားထိုးစစ်ကို ယူကရိန်းရဲ့ ခုခံနိုင်စွမ်းအားနည်းခဲ့ရတယ်လို့ သမ္မတက သုံးသပ်ပါတယ်။
အဲဒီမြို့နှစ်မြို့အနီးမှာ မကြာသေးမီက တိုက်ပွဲပြင်းထန်ခဲ့ပြီး ပိုခရော့ဗ်မြို့နား ၁၀ ကီလိုမီတာ အကွာအထိ ရုရှားတပ်တွေ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
လက်နက်တွေ အချိန်မီရရှိဖို့ကလည်း လိုအပ်ပြီး ထောက်ပံ့ပို့ဆောင်ရေး နှောင့်နှေးမှုတွေဟာ အခက်အခဲ ဖြစ်စေတယ်လို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။
Source-Reuters