ယူကရိန်းတပ်တွေဟာ ရုရှား ကက်စ်ဒေသအတွင်း ဆက်လက်ထိုးစစ်ဆင်နေပြီး တပတ်အတွင်း ဒုတိယမြောက် မဟာဗျူဟာကျတဲ့ တံတားတစင်းကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆေးမ်မြစ်ကို ဖြတ်ထားတဲ့ ဇဗန်နိုးတံတားကို ဖျက်ဆီးခဲ့တဲ့ ဝေဟင်ရုပ်သံမှတ်တမ်းကို ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကက်စ်ဒေသကို ထိုးဖောက်တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ ရုရှားတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ “ကြားခံဇုန်” (Buffer Zone) ဖန်တီးဖို့လည်း ပါဝင်တယ်လို့ ပထမဆုံးအကြိမ် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ စစ်စွမ်းရည်ကို ဖျက်နိုင်သမျှ ဖျက်ဆီးဖို့နဲ့ အမြင့်ဆုံး တန်ပြန်ထိုးစစ် ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။
၂၀၂၂ ယူကရိန်းကို ရုရှား ကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းရဲ့ တန်ပြန်ကျူးကျော်မှုဟာ နှစ်ပတ်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ယူကရိန်းလေတပ်ဟာ တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရန်သူရဲ့ ထောက်ပို့စွမ်းရည်ကို ဖျက်ဆီးနေတယ်လို ယူကရိန်းလေတပ် တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာ အိုလက်ရှုက ပြောပါတယ်။
ဒီတပတ်အစောပိုင်းမှာ ဆေးမ်မြစ်ပေါ်က အခြားတံတားတစင်းကိုလည်း ယူကရိန်းက ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ရုရှားကလည်း ဩဂုတ် ၁၈ ရက်မှာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တလအတွင်း ၃ ကြိမ်မြောက်အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်ရေးဒရုန်း ၈ စင်းနဲ့ ဒုံးကျည် ၈ စင်းမှာ ၅ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။
ပြုတ်ကျလာတဲ့ အပျက်အစီးတွေကြောင့် လူနေအိမ် ၂ လုံး လုံးဝပျက်စီးသွားပြီး အခြား ၁၆ လုံးမှာလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ကိယက်ဗ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Source-Reuters