ယူကရိန်းက သိမ်းပိုက်ထားတဲ့ ရုရှားပိုင်နက် ကာ့စ်နယ်မြေက အစိတ်အပိုင်းထဲမှာ စစ်ဦးစီးချုပ်ရုံး ဖွင့်လှစ်ထားပြီး ယူကရိန်းတပ်ဖွဲ့တွေဟာ ရှေ့ဆက် ချီတက်နေပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ၁ ဒသမ ၅ ကီလိုမီတာအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ယူကရိန်း ထိပ်တန်းတပ်မှူး အိုလက်ဆန်ဒါ ဆားစကီးက သြဂုတ် ၁၅ ရက်မှာ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို အစီရင်ခံ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားနိုင်ငံ ကာ့စ်ဒေသထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက်မှာ ကိယက်ဗ်ရဲ့ တပ်ဖွဲ့တွေဟာ ဒေသထဲကို ၃၅ ကီလိုမီတာ အကွာအဝေးလောက်ထိ တိုးဝင် ရောက်ရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဆားစကီးက သမ္မတ ဇလန်းစကီးကို တင်ပြနေတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ် ၁၅ ရက်အထိ နိုင်ငံရဲ့ အရှေ့ဘက်နဲ့ တောင်ပိုင်းမှာ အခြေအနေတွေက ထိန်းထားနိုင်ပေမဲ့ ခက်ခဲနေဆဲဖြစ်ကြောင်းနဲ့ အဲဒီဒေသတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဓိက အားထုတ်မှုတွေကတော့ တိုရက်စ်ခ်နဲ့ ပေါ့က်ရော့ဗ်စ်ခ် ဒေသတွေဆီကို ရန်သူ ချီတက်လာမှုကို ကာကွယ်ဖို့နဲ့ ရန်သူအင်အား အများဆုံး ဆုံးရှုံးမှုဖြစ်စေဖို့ နောက်ထပ် လုပ်ဆောင်မှုတွေအတွက် သင့်လျော်တဲ့ အခြေအနေတွေကို ဖန်တီးဖို့ ရည်ရွယ်တာလို့လည်း ပြောဆိုပါတယ်။
ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်က နယ်မြေတွေရှိ ဒေသခံလူထုရဲ့ အဓိကလိုအပ်ချက်တွေနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို သေချာလုပ်ပေးနိုင်ဖို့ စစ်ဦးစီးချုပ်ရုံးကို ဖန်တီးခဲ့ပြီး အဲဒီနယ်မြေက စစ်ဦးစီးချုပ်ရုံးမှာ ဗိုလ်ချုပ် အက်ဒွာ့ဒ် မိုစကယ်လ်ယို့ဗ်ကို အကြီးအကဲအဖြစ် ခန့်အပ်ထားကြောင်းလည်း ပြောပါတယ်။
ညသန်းခေါင်ကစတင်ပြီး တပ်ဖွဲ့တွေဟာ သီးခြားလမ်းကြောင်းတွေကနေ မီတာ ၅၀၀ မှ ၁ ဒသမ ၅ ကီလိုမီတာအထိ တိုးလာခဲ့ပြီးတော့ ရန်သူရဲ့ တန်ပြန်တိုက်ခိုက်မှု ၃ ကြိမ်ကို တွန်းလှန်ကာ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ဒီကျူးကျော်ဝင်ရောက်မှုအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအသိုင်းအဝိုင်း ၈၂ ခုနဲ့ ဧရိယာ ၁,၁၅၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆားစကီးက ပြောကြားခဲ့ပါတယ်။
Source-Reuters