ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ကာ့စ်ခ်ဒေသမှာ ဆူခွိုင် Su-25 တိုက်လေယာဉ်ရဲ့ တိုက်ခိုက်ရေးတာဝန်တွေ လုပ်ဆောင်နေတဲ့ ဗီဒီယိုဖိုင်ကို သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖြစ်နိုင်ခြေရှိတဲ့ ဆွေးနွေးပွဲတွေ မတိုင်ခင် ကိယက်ဗ်ရဲ့ စေ့စပ်ညှိနှိုင်းရေး အနေအထားကို တိုးတက်စေဖို့နဲ့ ရှေ့တန်းတလျှောက် ရုရှားတပ်တွေရဲ့ ရှေ့တိုးလာမှုကို နှေးကွေးစေဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုထားပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ယူကရိန်းတပ်သား ထောင်ပေါင်းများစွာဟာ ရုရှားနယ်စပ်ကို ဖြတ်ကျော်ကာ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတခု ပြုလုပ်ခဲ့တာပါ။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားပိုင်နက်ထဲက နယ်မြေတချို့အထိ ထိုးဖောက်လာခဲ့တာကြောင့် မော်စကိုဟာ သူ့အရန်တပ်သားတွေကို အမြန်စစ်ကူစေလွှတ်ခဲ့ပြီး လူပေါင်း ၂၀၀,၀၀၀ နီးပါးလောက်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့ရပါတယ်။
ယူကရိန်းလူမျိုးတွေက သူတို့ရဲ့ နယ်မြေထိန်းချုပ်မှုကို ချဲ့ထွင်ဖို့ ကြိုးပမ်းလာတာကြောင့် ကာ့စ်ခ်ရှေ့တန်းတလျှောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ရုရှား စစ်ပွဲဘလော့ဂါတွေက တင်ပြခဲ့ပါတယ်။
ရုရှားတွေဟာ စစ်ကူအင်အားတွေနဲ့ လက်နက်ကြီးတွေကို ယူဆောင်လာပြီး ယူကရိန်းရဲ့ တိုက်ခိုက်မှု အများအပြားကို ချေမှုန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
Source-Reuters