ရုရှားနဲ့ စစ်ပွဲဟာ နောက်ဆုံးမှာ ဆွေးနွေးပွဲနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။
ယူကရိန်းအစိုးရဟာ ခိုင်မာတဲ့ အနေအထားမှာ ရှိနေရမှာဖြစ်ပြီး၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့ကို နောက်ပိုင်းမှာ ဆက်ခံမယ့် အလားအလာရှိသူ နှစ်ဦးကို သူ့ရဲ့ အစီအစဉ်ကို တင်ပြမယ်လို့ ပြောပါတယ်။
ယူကရိန်းအစိုးရက ရုရှားနိုင်ငံ ကာ့က်စ်ဒေသထဲကို သီတင်းပတ် သုံးပတ်ကြာ ကျူးကျော်ဝင်ရောက်လာမှုဟာ ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပေမဲ့ စီးပွားရေးနဲ့ သံတမန်ရေးရာ မျက်နှာစာတွေမှာ တခြားအဆင့်တွေလည်း ပါတယ်လို့ ယူကရိန်းခေါင်းဆောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နောက်ထပ် ခြေလှမ်းတွေအတွက် အသေးစိတ် မဖော်ပြထားပေမဲ့ အမေရိကန်ရဲ့ ဒီမိုကရက်တစ် ဒုသမ္မတ ကမ်မလာဟားရစ်နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်တို့နဲ့လည်း ဆွေးနွေးမယ်လို့ ဇလန်းစကီးက ပြောပါတယ်။
သူဟာ နယူးယောက်မြို့မှာ စက်တင်ဘာလကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ဖို့ အမေရိကန် ပြည်ထောင်စုဆီ သွားရောက်ရေး မျှော်လင့်ထားပြီး ဘိုင်ဒင်နဲ့တွေ့ဖို့ ပြင်ဆင်နေတယ် လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
ကာ့က်စ်ခ်ဒေသကို ထိုးစစ်ဆင်မှုဟာ စစ်ပွဲအဆုံးသတ်ဖို့နဲ့ နယ်မြေအများအပြားကို စွန့်လွှတ်ဖို့ ရုရှားနဲ့ အပေးအယူ လုပ်နိုင်ရေး ယူကရိန်းကို တောင်းဆိုနေတဲ့ ကမ္ဘာတဝန်း အစိုးရ အရေအတွက်ကို လျှော့ချခဲ့တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းဟာ သူ့ရဲ့ ပြည်တွင်းလက်နက် ထုတ်လုပ်ရေးမှာ တိုးတက်အောင် ဆက်လုပ်နေပြီး ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးစမ်းသပ် ဆောင်ရွက်ခဲ့တယ်လို့ ယူကရိန်းခေါင်းဆောင်က ပြောခဲ့ပါတယ်။
Source-Reuters