တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ရုရှားနောက်ကွယ်မှာ ပုန်းအောင်းပြီး ရန်စနေတဲ့ မြောက်ကိုရီးယား ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပစ်ဖို့ အဆင်သင့်ရှိနေကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဂင်မ်ထယ်ဟျိုက စက်တင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဂျပန်ဝန်ကြီးချုပ် ဖှူမီယို ခီရှီဒါ့ တို့ သောကြာနေ့ အစောပိုင်းက ဆိုးလ်မှာ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်း ဂင်မ်ထယ်ဟျိုက အခုလို မှတ်ချက်ပြု ပြောကြားလိုက်တာပါ။
“ခေါင်းဆောင် ၂ ဦးတို့ဟာ တောင်ကိုရီးယား-ဂျပန် ၂ နိုင်ငံအကြား၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် ၃ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုရဲ့အရေးပါပုံကို မျှဝေခဲ့ပြီးတော့ ကမ့်ပ်ဒေးဗစ် ပူးပေါင်းဆောင်ရွက်မှုစနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြတယ်”လို့ ဂင်မ်ထယ်ဟျိုက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်း ဂျပန်ဝန်ကြီးချုပ် ခီရှီဒါက နောက်တက်လာမယ့် ဂျပန်ဝန်ကြီးချုပ် ဘယ်သူပဲဖြစ်ပစေ တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးဟာ ပြောင်းလဲမသွားဘဲ သူ ရာထူးမှ နုတ်ထွက်သွားပြီးရင်တောင် အနာဂတ်မှာ တောင်ကိုးရီးယား-ဂျပန် ဆက်ဆံရေးအတွက် အရှိန်အဟုန်ကို ထိန်းသိမ်းဖို့ ဆက်ကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ယုံကြည်မှု တိုးပွားလာခြင်း သင်္ကေတလို့ ဂျပန်ဝန်ကြီးချုပ် ခီရှီဒါ က ခေါ်ဆိုတဲ့ တတိယနိုင်ငံမှ နိုင်ငံသားတွေကို အရေးပေါ်အခြေအနေမှ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ရေး လွယ်ကူချောမွေ့စေမယ့် တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ၂ နိုင်ငံစလုံးက ကြိုဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ခီရှီဒါဟာ စက်တင်ဘာလမှာ ရာထူးမှ နုတ်ထွက်မယ်လို့ ကြေညာထားပြီး သူ့နေရာ ဆက်ခံသူကို ရွေးချယ်ဖို့အတွက် ဂျပန်ရဲ့ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဟာ စက်တင်ဘာ ၂၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။
Source-Reuters