တောင်ကိုရီးယား အနုပညာလောက ထိပ်တန်းစာရင်းဝင် သရုပ်ဆောင်တယောက်ဖြစ်တဲ့ ယူးအာအင်န်ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စက်တင်ဘာ ၃ ရက်မှာ ဆိုးလ်မြို့ အောက်တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး ထိန်းသိမ်းလိုက်ပါတယ်။
ဆုရရုပ်ရှင် “Burning” နဲ့ Netflix ဇာတ်လမ်းတွဲ “Hellbound” တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ယူးအာအင်န်ဟာ တခြားမူးယစ်ဆေးစွဲချက်တွေ အကြားမှာ ဆေးဘက်သုံး ထုံဆေးဖြစ်တဲ့ propofol ကို ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အကြိမ်ပေါင်းများစွာ တရားမဝင် အသုံးပြုမှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။
အသက် ၃၈ နှစ်အရွယ် မင်းသားဟာ အလှကုန်ပစ္စည်း အသုံးပြုမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အကြောင်းပြချက်တွေနဲ့ propofol ထုံဆေးကို ၁၈၁ ကြိမ် သုံးစွဲခဲ့တယ်လို့ တောင်ကိုရီးယား ယွန်ဟက်ပ် သတင်းမှာ ဖော်ပြပါတယ်။
သူ့ကိုစွဲဆိုထားတဲ့ စွဲချက်တွေမှာ ဆေးစာနဲ့ ဝယ်ယူရတဲ့ အိပ်ဆေးပေါင်း ၁,၁၀၀ လောက်ကို တခြားသူတွေရဲ့ နာမည်နဲ့ ဝယ်ယူတာ၊ ဇန်နဝါရီလတုန်းက အမေရိကန်ပြည်ထောင်စုမှာ ဆေးခြောက်သုံးစွဲထားတာ၊ သူ့ရဲ့ သက်သေခံ အထောက်အထားတွေကို ရုပ်သိမ်းဖို့ ကြံရာပါတွေကို အတင်းအကျပ် ခိုင်းစေတာတွေလည်း ပါဝင်နေပါတယ်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက အမည်ရင်း အူမ်ဟုန်ဆစ်၊ အနုပညာနာမည် ယူးအာအင်န်ကို အင်္ဂါနေ့က ထောင်ဒဏ် ၁ နှစ်နဲ့ ဒဏ်ငွေ ဝမ် ၂ သန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
သူ့ကို ကိုယ်ထိလက်ရောက် ချုပ်နှောင်ခြင်းမပြုဘဲ ရုံးတင်စစ်ဆေးပြီးနောက်မှာ တရားရုံးအမိန့်နဲ့ ချက်ချင်းဖမ်းဆီးခံခဲ့ရပါတယ်။
အစိုးရရှေ့နေတွေဟာ သူ့ကို ထောင်ဒဏ် ၄ နှစ်ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယူးအာအင်န်ဟာ အရင် တရားရုံးကြားနာမှုတွေမှာ သူ့ရဲ့ အမှားတွေအတွက် အလွန်နောင်တရကြောင်း ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ချယ်ဘိုးလို့ သိကြတဲ့ ချမ်းသာကြွယ်ဝတဲ့ အသိုက်အဝန်းနဲ့ လုပ်ငန်းစုကြီးတွေက အမွေစားအမွေခံ မျိုးဆက်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေ အပါအဝင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေပြီး အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကာ အကောက်ခွန် စစ်ဆေးတာတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။
Source-Reuters