
AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ မဖွယ်မရာပုံရိပ်တွေ အပါအဝင် Deepfake Porn တွေ ဖြန့်ဖြူးရာမှာ အားပေးကူညီမှုနဲ့ တယ်လီဂရမ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Deepfake Porn ဆိုတာဟာ AI နည်းပညာသုံးပြီး တကယ်ရှိတဲ့လူတွေရဲ့ ပုံရိပ်တွေကို ပြင်ဆင်ပြီး ညစ်ညမ်းရုပ်ပုံတွေ၊ ဗီဒီယိုတွေအဖြစ် အတုလုပ် ဖန်တီးထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။
တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသားတချို့ဟာ အတန်းဖော်မိန်းကလေးတွေရဲ့ Deepfake ညစ်ညမ်းပုံရိပ်တွေ မျှဝေတဲ့ တယ်လီဂရမ် chat room တခု ဖန်တီးထားတယ်ဆိုတဲ့ အကြောင်းကို တောင်ကိုရီးယား ရုပ်သံတခုက ထုတ်လွှင့်ခဲ့အပြီးမှာ အများဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကလည်း Deepfake နည်းပညာသုံး ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ ညွှန်ကြားထားပါတယ်။
ကျူးလွန်သူတွေရော၊ ကျူးလွန်ခံရသူ အများအပြားကပါ အသက်မပြည့်သူတွေဖြစ်နေတဲ့ အချက်ကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က သတင်းအချက်အလက် တောင်းဆိုတာတွေကို တယ်လီဂရမ်ဘက်က မတုံ့ပြန်ခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်မှာတင် deepfake porn တိုင်ကြားချက် ၈၈ ခုအထိ ရရှိခဲ့ပြီး သံသယရှိသူ ၂၄ ယောက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ဇန်နဝါရီကနေ ဇူလိုင်လအတွင်း deepfake နဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု တိုင်ကြားချက် ၂၉၇ ခုအထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ ကျူးလွန်တယ်လို့ သံသယရှိခံရသူ ၁၇၈ ယောက်အနက် ၁၃၁ ယောက်က ဆယ်ကျော်သက်တွေ ဖြစ်နေပါတယ်။
တောင်ကိုရီးယားမှာ အမျိုးသမီးမျက်နှာတွေနဲ့ ညစ်ညမ်းဗီဒီယိုအတုလုပ် ဖြန့်ဖြူးတာတွေ တယ်လီဂရမ်ဂရုတွေထဲမှာ ဆိုးဆိုးရွားရွား ပျံ့နှံ့နေပါတယ်။
Source-Reuters