သတင်းမှားဖြန့်ဖို့နဲ့ ဖျက်လိုဖျက်ဆီးလုပ်ဖို့ Deep Fakes လို့ခေါ်တဲ့ လူတယောက်နဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာကို တခြားလူတယောက်အဖြစ် ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပုံစံပြောင်းပြီး ပြည့်စုံရှင်းလင်းတဲ့ လိင်ပိုင်းဆိုင်ရာပုံစံနဲ့ အတုလုပ်နေတာတွေကို တုံ့ပြန်ရေး ဆောင်ရွက်ချက်တွေကို ဆွေးနွေးဖို့ တောင်ကိုရီးယား အစိုးရရဲ့ မီဒီယာစည်းမျဉ်းကြီးကြပ်ရေးအဖွဲ့ ဖြစ်တဲ့ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ဩဂုတ် ၂၈ ရက်က အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
တောင်ကိုရီးယား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ တစ်တစ်ခွခွ ပုံစံတွေနဲ့ ဒစ်ဂျစ်တယ် နည်းပညာသုံး အတုလုပ်ထားတဲ့ Deep Fakes လို့ ခေါ်တဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို တယ်လီဂရမ်ပေါ်မှာ မကြာခဏ တွေ့နေရတယ်လို့ ပြည်တွင်းမီဒီယာတွေက လတ်တလောမှာ အစီရင်ခံခဲ့ပါတယ်။
ဒီအစီရင်ခံစာ ထုတ်ပြန်ချိန်ဟာ တယ်လီဂရမ် အပလီကေးရှင်းကို တည်ထောင်သူ ရုရှားနိုင်ငံဖွား ပါဗယ်လ် ဒူရော့ဗ်ကို ဖမ်းဆီးချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ပြင်သစ်အစိုးရက သူ့ကို ညစ်ညမ်းဓာတ်ပုံတွေ ရုပ်သံတွေမှာ ကလေးတွေကို သုံးမှု၊ မူးယစ် မှောင်ခိုမှုနဲ့ အတုလုပ်မှုတွေကို အပလီကေးရှင်းပေါ်မှာ ခွင့်ပြုထားမှုနဲ့ ဖမ်းခဲ့တာပါ။
တရားမဝင် Deep Fakes တွေကို လူမှုကွန်ရက်တွေပေါ်ကနေ အမြန်ထောက်လှမ်း ဖယ်ရှားဖို့ လူမှုကွန်ရက်မီဒီယာတွေကို စောင့်ကြည့်ရေးလူတွေ ပိုတိုးခန့်ထားမယ်လို့လည်း ကော်မရှင် အကြီးအကဲ ရယူး ဟီးလင်မ်က ကတိပြုပါတယ်။
Deep Fakes အသုံးပြု ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ပိုတိုးဆောင်ရွက်နိုင်ဖို့ လူမှုကွန်ရက် မီဒီယာတွေနဲ့ သူ့အဖွဲ့အစည်းက မိတ်ဖက်ဖွဲ့ သွားမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters