မြောက်ကိုရီးယား စစ်သားတယောက်ဟာ သြဂုတ် ၂၀ ရက် အစောပိုင်းက ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘက်ဆိုင်ရာနယ်စပ်ကို ဖြတ်ကျော် ကူးပြောင်းလာတယ်လို့ တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက ဖော်ပြပါတယ်။
အဲဒီစစ်သားဟာ မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဂိုဆောင်းခရိုင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး သူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ တောင်ကိုရီးယား အစောင့်စစ်သားတွေက ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဲဒီသတင်းဌာနက ဆိုပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ အရှေ့ဘက်ခြမ်းမှာ မြောက်ကိုရီးယားလို့ ယူဆရတဲ့ လူတယောက်ကို ဖမ်းဆီးခဲ့ပြီး ဖြတ်ကျော်လာရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောကြားခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တရားဝင်ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်သားဟာ တပ်ကြပ်တဦးဖြစ်တယ်လို့ ယွန်ဟက်ပ်သတင်းမှာ ဆိုထားပါတယ်။
မြောက်ကိုရီးယား ဒေသခံတယောက်ဟာ ဒီလအစောပိုင်းက အနောက်ဘက်ကမ်းရိုးတန်းမှာ တောင်ပိုင်းကို ကူးပြောင်းလာခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီး မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာသူတွေဟာ အန္တရာယ်များပြီး အတော်လေး ရှားပါးတယ်လို့ ယူဆကြပြီး လွတ်မြောက်လာသူ အများစုဟာ တရုတ် သို့မဟုတ် တခြား တတိယနိုင်ငံတွေကို ဖြတ်ပြီးမှ တောင်ဘက်ကို ရောက်လာကြတာ ဖြစ်ပါတယ်။
Source-Reuters