အိမ်နီးချင်းနိုင်ငံတွေ ပေါင်းစည်းရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်စတင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားနဲ့ လုပ်ငန်းအဆင့် အတိုင်ပင်ခံအဖွဲ့ကို ထူထောင်ဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက သြဂုတ် ၁၅ ရက် ၇၉ နှစ်မြောက် အမျိုးသားလွတ်မြောက်ရေးနေ့မှာ မိန့်ခွန်းပြောကြား ကမ်းလှမ်းလိုက်ပါတယ်။
အဲဒီအလုပ်အဖွဲ့ဟာ တင်းမာမှုတွေကို ပြေလျော့သက်သာစေမှုကနေ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လူအချင်းချင်းနဲ့ ယဉ်ကျေးမှုဖလှယ်မှု၊ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်မှုတွေအထိ ဘယ်ပြဿနာကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
ကွဲကွာနေတဲ့ မိသားစုတွေနဲ့ တောင်ကိုရီးယား စစ်သုံ့ပန်းတွေ၊ ပြန်ပေးဆွဲခံရသူတွေနဲ့ မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံနေရဆဲ အကျဉ်းသားတွေလို ဆိုင်းငံ့နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားက နျူးကလီးယားကင်းစင်ရေး ခြေလှမ်းတလှမ်းသာ လှမ်းလိုက်ပြီဆိုတာနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို စတင်ဖို့ အဆင်သင့်ရှိကြောင်း သမ္မတ ယွန်းက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာညီလာခံတခု ကျင်းပဖို့ တွန်းအားပေးသွားမှာဖြစ်ပြီး မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ ဟောပြောချက်ကို ကဏ္ဍပေါင်းစုံမှာ ချဲ့ထွင်သွားမှာ ဖြစ်ကြောင်း၊ အဲဒီမှာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ရာမှာ ပံ့ပိုးကူညီနိုင်ဖို့ မြောက်ကိုရီးယားရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးအတွက် ရန်ပုံငွေတခု ထူထောင်သွားမယ့်အပြင် မြောက်ကိုရီးယား ပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့်ကို အာမခံချက်ပေးဖို့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမယ်လို့လည်း သမ္မတယွန်းက ပြောပါတယ်။
တောင်နဲ့မြောက် နိုင်ငံ ၂ ခုဟာ တကွဲတပြားစီ ဖြစ်နေသရွေ့ ကိုရီးယားလွတ်မြောက်ရေးဟာ မပြည့်စုံသေးဘူး ဖြစ်တာကြောင့် တောင်ပိုင်းပြည်သူတွေ ရရှိခံစားနေရတဲ့ လွတ်လပ်မှုတွေကို လွတ်လပ်မှု နည်းပါးပြီး ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရတဲ့ မြောက်ပိုင်း ရေခဲနိုင်ငံတော်ဆီကို ချဲ့ထွင်ရမယ်လို့လည်း သမ္မတယွန်းက သူ့မိန့်ခွန်းထဲမှာ ပေါင်းစည်းရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြသွားပါတယ်။
ဒါပေမဲ့လည်း ကိုရီးယားပေါင်းစည်းရေးဟာ နယ်စပ်နှစ်ဖက်ရှိလူတွေ အထူးသဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဘက်က လူတွေအတွက် အလှမ်းဝေးတဲ့ အလားအလာ ဖြစ်နေတာပါ။
လတ်တလောမှာပဲ အထီးကျန် မြောက်ကိုရီးယားရှိ ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ဖို့ ဆိုးလ်ရဲ့ ကမ်းလှမ်းချက်ကို ပြုံယမ်းက ပယ်ချခဲ့ပါတယ်။
အခုနှစ်စပိုင်းကတည်းက ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယားကို “အဓိကရန်သူ” လို့ ခေါ်ဆိုခဲ့ပြီး ကိုရီးယား ၂ နိုင်ငံ ပေါင်းစည်းရေးမှာ မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
Source-Reuters