အားကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေ ပါရီအိုလံပစ်ကနေ တောင်ကိုရီးယားနိုင်ငံဆီ ပြန်လာချိန်မှာ နိုင်ငံထဲကို သေးငယ်တဲ့ အင်းဆက်ပိုးမွှားတွေနဲ့ ကြမ်းပိုးတွေ ဝင်ရောက်လာမယ့် အန္တရာယ်ကို လျှော့ချဖို့ တောင်ကိုရီးယားရဲ့ အဓိက အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြမ်းပိုးအနံ့ခံ ခွေးတကောင်ကို တာဝန်ချထားပါတယ်။
ဒီကမ်ပိန်းကို ဦးဆောင်သူဟာ စီကိုလို့ နာမည်ပေးထားတဲ့ အသက် ၂ နှစ်အရွယ် ဘီးဂဲလ် အမျိုးအစား ခွေးတကောင်ဖြစ်ပြီး သြဂုတ် ၁၂ ရက်မှာ ခရီးဆောင်အိတ်တွေထဲက ကြမ်းပိုးတွေကို အနံ့ခံဖို့ သူ့စွမ်းရည်ကို မီဒီယာတွေရှေ့မှာ သရုပ်ပြခဲ့ပါတယ်။
စီကိုဟာ ကြမ်းပိုးက ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းကို အနံ့ခံဖို့ လေ့ကျင့်ထားတဲ့ ပထမဆုံးနဲ့ တကောင်တည်းသောခွေး ဖြစ်တယ်လို့ ပိုးမွှားထိန်းချုပ်ရေးကုမ္ပဏီ စက်စ်ကိုက ပြောပါတယ်။
အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေ ပါရီမြို့တော်ကနေ ထပ်ရောက်လာမယ့် စက်တင်ဘာ ၈ ရက်အထိ ကြမ်းပိုးအနံ့ခံတာ ဆက်လုပ်သွားမှာဖြစ်လို့ စီကိုနဲ့ သူ့အဖွဲ့ကို သြဂုတ် ၉ ရက်ကစပြီး တပ်ဖြန့်ချထားတယ်လို့ အစိုးရက ပြောပါတယ်။
မနှစ်က ပါရီမြို့တော်က အာဏာပိုင်တွေဟာ အိုလံပစ်ပွဲအတွက် ကြမ်းပိုးတွေနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အထိတ်တလန့်ဖြစ်အောင် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။
ပိုးမွှား အင်းဆက်တွေကြောင့် ပွဲပျက်မှာစိုးလို့ ဘယ်အင်းဆက်ပိုးကိုမဆို အမြစ်ပြတ်ချေမှုန်းဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။
တောင်ကိုရီးယားက မိုက်ခရိုတိုက်ခန်းတွေ၊ မိုတယ်ခန်းတွေနဲ့ ဂျင်ဂျင်ဘမ်လို့ခေါ်တဲ့ ရိုးရာရေပူစမ်းတွေမှာ အင်းဆက်တွေတွေ့ခဲ့လို့ တနိုင်ငံလုံး ဒေါသူပုန်ထတာကို ၂၀၂၃ ခုနှစ်က ဖြတ်သန်းခဲ့ရဖူးပါတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပိုးသတ်ပေးတဲ့ လှုပ်ရှားမှုတွေ စီစဉ်ဆောင်ရွက်ပေးခဲ့ရဖူးပါတယ်။
Source-Reuters