ငှက်ပျောပင်တွေဟာ များသောအားဖြင့် ကမ္ဘာ့အပူပိုင်းနဲ့ အပူလျော့တဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပြီး တောင်ကိုရီးယားနိုင်ငံကတော့ ရာသီလေးမျိုးနဲ့ သမပိုင်းဇုန်ထဲမှာ ရှိတာပါ။
ဒါပေမဲ့ ၂၀၁၂ ခုနှစ်ကစပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပျမ်းမျှနှစ်စဉ်အပူချိန်က ဆက်တိုက် ပူနွေးလာတယ်လို့ ကိုရီးယားမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ပျမ်းမျှအပူချိန် ၁၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ဟာ ၁၉၇၃ ခုနှစ်က မှတ်တမ်းစတည်းက အမြင့်ဆုံးစံချိန် တင်ခဲ့ပါတယ်။
မုတ်သုံရာသီအတွင်း တနိုင်ငံလုံး မိုးရေချိန် ၆၆၀ ဒသမ ၂ မီလီမီတာ ရွာခဲ့ပြီး နှစ်စဉ်ပျမ်းမျှ ၃၅၆ ဒသမ ၇ မီလီမီတာရဲ့ နှစ်ဆနီးပါး ဖြစ်လာတာပါ။
ဆိုးလ်အမျိုးသားတက္ကသိုလ်က စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်းသိပ္ပံ ပါမောက္ခ ကင်မ်ကွမ်ဆိုးက တောင်ကိုရီးယားရဲ့ ရာသီဥတုအခြေအနေဟာ အပူပိုင်းဒေသတွေလို ဖြစ်လာတယ်လို့ ပြောပါတယ်။
အပူချိန်အသစ်တွေနဲ့ ဒီပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် သီးနှံမျိုးကွဲတွေကို ပြုစုပျိုးထောင်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။
အပူပိုင်းဒေသ သစ်သီးဝလံနဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးဧရိယာဟာ ၂၉၄ ဒသမ ၆၀ ဟက်တာလောက်ကနေ ၂၀၂၃ ခုနှစ်မှာတော့ ၃,၃၀၅ ဒသမ ၆၉ ဟက်တာအထိ တိုးလာလို့ ၁၀ ဆလောက် တိုးလာတာလို့ တောင်ကိုရီးယား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲရေးဌာနက ဆိုပါတယ်။
“ဒီနိုင်ငံမှာ ငှက်ပျောသီးတွေ ဈေးကျရင် ကောင်းမယ်။ ဒါပေမဲ့ ရာသီဥတုက ပိုပူလာတယ်၊ အဲဒါကြောင့် အဲဒါကို ပိုစိုးရိမ်မိပါတယ်” လို့ ဆိုးလ်မြို့တော်က စူပါမားကတ်မှာ စျေးဝယ်သူတဦးက ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းစာရင်းအရ နိုင်ငံတောင်ပိုင်းမှာ ငှက်ပျောခြံပေါင်း ၆၇ ခြံရှိပေမဲ့ ဆိုးလ်မြို့တော်ဝန်းကျင်မှာတော့ မဟုတ်ခဲ့တာကို ပြည်နယ်စိုက်ပျိုးရေးအဖွဲ့အစည်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ သစ်သီးတွေဟာ များသောအားဖြင့် တောင်ကိုရီးယားမှာ အလွန်စျေးကြီးပါတယ်။
ဒါပေမဲ့ စားသုံးသူတွေက ဈေးသက်သာတဲ့ ဒေသထွက်ကုန်တွေရဲ့ အလားအလာကို ကြိုဆိုနိုင်ပေမဲ့ ရာသီဥတုပြောင်းလဲမှုကိုတော့ စိုးရိမ်နေကြပါတယ်။
Source-Reuters