မြောက်ကိုရီယားနိုင်ငံသားတဦး ဘက်ပြောင်းလာမှုကို သက်ဆိုင်ရာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်က သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ အမျိုးသားကာကွယ်ရေးကော်မရှင် အစည်းအဝေးမှာ လွှတ်တော်အမတ်က ဒီနေ့ အနောက်ပင်လယ်ရှိ ဂန်းဟွာကျွန်းထဲက ဂျိုဒုံးကျွန်းကနေတဆင့် အမည်မသိ မြောက်ကိုရီးယားနိုင်ငံသား ၁ ဦး ဘက်ပြောင်းလာမှု ဟုတ် မဟုတ် မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီး ရှင်းက ဟုတ်မှန်ကြောင်း ဖြေကြားခဲ့ပြီး တကယ်တော့ ဒီဘက်ပြောင်းခိုလှုံလာမှုကို အစကတည်းက စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီးတော့ ဒါဟာ အောင်မြင်တဲ့စစ်ဆင်ရေးပါလို့လည်း ဖြေကြားခဲ့ပါတယ်။
လောလောဆယ် စုံစမ်းစစ်ဆေးနေပြီး ဆွေးနွေးပြီးရင် မျှဝေနိုင်တဲ့ အပိုင်းတွေကို တင်ပြမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး ရှင်းက ပြောပါတယ်။
အဲဒီလူဟာ ပင်လယ်ဝါရှိ ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားကို ဘက်ပြောင်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ထွက်ပြေးလာသူဟာ အနောက်ဘက်ကမ်းလွန် ပင်လယ်ပြင် နယ်စပ်မျဉ်းဖြစ်တဲ့ ပင်လယ်ဝါရှိ မြောက်ဘက် ကန့်သတ်မျဉ်းကို ဖြတ်ကျော်လာတာပါ။
ကိုဗစ်ကပ်ရောဂါကာလအတွင်း ပြုံယမ်းက သူ့နယ်နိမိတ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ချလိုက်ချိန်မှာ တောင်ကိုရီးယားကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံလာသူတွေ အရေအတွက်က အနည်းဆုံး ဖြစ်ပါတယ်။
Source-Reuters