Home
နိုင်ငံတကာ
မြောက်ကိုရီးယား မိုးလေဝသအေဂျင်စီက ခန့်မှန်းချက် တိတိကျကျထုတ်နိုင်ရန် လုပ်ဆောင်
DVB
·
August 14, 2024
Photo-KCNA

မြောက်ကိုရီးယားနိုင်ငံဟာ အပူလှိုင်းဒဏ်နဲ့ ကြုံတွေ့နေရပြီး လတ်တလော ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီဟာ တိတိကျကျ ခန့်မှန်းချက်ထုတ်နိုင်ဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က သြဂုတ် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံ့ ရေအား-မိုးလေဝသ စီမံကွပ်ကဲမှုဌာနဟာ မိုးလေဝသ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာဒေသတွေဆီ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ပေးပို့နိုင်မယ့် ဆန်းသစ်တဲ့ လုပ်ငန်းအဆင့်တွေကို လုပ်ဆောင်နေတယ်လို့ KCNA က ပြောပါတယ်။

ဌာနဟာ အခုအပူလှိုင်းကို အရေးကြီးတဲ့ ခန့်မှန်းချက်ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အပေါ်ကို အာရုံစိုက်ပြီး ကြိုးပမ်းနေကြောင်းနဲ့ ဒီအပူလှိုင်းကို ခန့်မှန်းမိပြီဆိုတာနဲ့ ဒေသတွေဆီ ချက်ချင်း အကြောင်းကြားပြီးတော့ တန်ပြန်အရေးယူ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ရေအား-မိုးလေဝသ စီမံကွပ်ကဲမှုဌာနမှ ဒါရိုက်တာ ကင်မ်ကွမ်ဟျော့ခ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က ပံ့ပိုးပေးထားတဲ့ ဗီဒီယိုတခုထဲမှာတော့ ပြုံယမ်းမြို့ခံတွေဟာ အပူလှိုင်းဒဏ်ကို ခံနေကြရပြီး အုပ်ချုပ်ရေး ဝန်ထမ်းတွေဟာ နိုင်ငံရဲ့ရာသီဥတုကို စောင့်ကြည့်နေကြောင်းကို ပြသခဲ့ပါတယ်။ အဲဒီဗီဒီယိုကို ရိုက်တာက လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။

သြဂုတ် ၁၂ ရက် ကတည်းက ပြုံယမ်းမှာ ပုံမှန်မဟုတ်တဲ့ အပူလှိုင်းတခုကို တွေ့ရှိခဲ့ပြီး သြဂုတ် ၁၄ ရက်အထိ ကြာမြင့်မယ်လို့ ခန့်မှန်းထားကြောင်း KCNA က ပြောကြားခဲ့ပါတယ်။

တချို့နေရာတွေမှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှ ၃၇ ဒီဂရီစင်တီဂရိတ် (၈၈ ဒီဂရီဖာရင်ဟိုက်မှ ၉၉ ဒီဂရီဖာရင်ဟိုက်) အထိ ရှိတယ်လို့လည်း ဆိုပါတယ်။

ဇူလိုင်လနှောင်းပိုင်းတုန်းက မြောက်ကိုရီးယား အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆင်းန်အွီဂျူနဲ့ အွီဂျူ ဒေသတွေရှိ အိမ်ခြေ ၄,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရေလွှမ်းမိုးတဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်စစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအတွက် အလွန်စိုးရိမ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင်နှောင်းပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013