တောင်ကိုရီးယားနိုင်ငံရှိ ဟိုတယ်တခုမှာ သြဂုတ် ၂၂ ရက်က မီးလောင်မှုဖြစ်ပွားပြီး လူ ၆ ယောက် သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နဲ့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ဒေသစံတော်ချိန် ည ၁၀ နာရီခွဲကျော်လောက်မှာ ဆိုးလ်မြို့တော်ရဲ့တောင်ဘက်ရှိ ဘူချွန်းမြို့မှာ အထပ် ၉ ထပ်ရှိ ဟိုတယ်တခုရဲ့ ၈ လွှာမှာ မီးစလောင်ခဲ့တာဖြစ်ကြောင်း ဂယောင်းဂီခရိုင် မီးသတ်အာဏာပိုင်တွေကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားရာကို မီးသတ်ကား ၄၆ စီးနဲ့ မီးသတ်သမား ၁၅၀ လောက် စေလွှတ်ထားကြောင်း မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မတူညီတဲ့ အဓိက ဆေးဘက်ဆိုင်ရာဌာန ၆ ခုကို ပို့ဆောင်ထားကြောင်း ဘူချွန်းပြည်သူ့ကျန်းမာရေးစင်တာ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒဏ်ရာရသူ စုစုပေါင်း ၁၇ ယောက်ရှိပြီး ၃ ယောက်က ဒဏ်ရာအပြင်းအထန် ရရှိကာ ၈ ယောက်ကတော့ ဒဏ်ရာအသေးစားတွေ ရရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
မီးမငြိမ်းသေးတာကြောင့် အသေအပျောက် ဒါမှမဟုတ် ဒဏ်ရာရမှုတွေ ပိုများလာနိုင်တယ်လို့ မီးသတ်အရာရှိကို ကိုးကားပြီး ယွန်ဟက်ပ်သတင်းမှာ ဖော်ပြထားပါတယ်။
Source-Reuters