ရန်ကုန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၂ လမ်း၊ မြေတိုင်းအမှတ် ၂၄၊ အမှတ် ၁၇ ရှိ Sewell Garment အထည်ချုပ်စက်ရုံမှာ ဩဂုတ် ၁၈ ရက် မနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်လောက်က မီးလောင်ခဲ့တာကြောင့် Level 2 အဆင့်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် ပေ ၁၀၀ ကျော်ပတ်လည်ရှိ အထည်ချုပ်စက်ရုံအဆောက်အဦ တခုလုံးနဲ့ စက်ပစ္စည်းတွေ၊ အထည်ကုန်ကြမ်းတွေ အားလုံး ပျက်စီးသွားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “အသေးစား ထိခိုက်ပြတ်ရှတာ ၃ ဦးကျော်တယ်။ စက်ရုံက အကုန်လုံး ကုန်သွားတာ အတွင်းအပြင် အကုန်လောင်သွားတယ်။ စလောင်တာနဲ့ ငြိမ်းတာနဲ့ဆို ၁ နာရီခွဲလောက် ကြာတယ်” လို့ ပြောပါတယ်။
ဒီမီးလောင်မှုနေရာကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ပေမဲ့ လောင်စာအားကောင်းနေတာကြောင့် မနက် ၁ နာရီ ၂၂ မိနစ်မှာ Level 1 ယာဉ်အုပ်စု၊ မနက် ၁နာရီခွဲမှာ Level 2 ယာဉ်အုပ်စုတွေ ဆင့်ခေါ်ခဲ့ရပါတယ်။
ရန်ကုန်မြို့ထဲက မြို့နယ်မီးသတ် ၁၀ ဖွဲ့ကျော်နဲ့ အရပ်ဘက်ရေသယ်ယာဉ်၊ လူမှုကူညီရေးအသင်း ၅၀ ကျော်တို့ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၂ နာရီ ၂၂ မိနစ်မှာ မီးထိန်း၊ ၂ နာရီ ၃၇ မိနစ်မှာ မီးငြှိမ်းသွားပါတယ်။
မီးလောင်မှုအတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး၊ မီးလောင်ရတဲ့အကြောင်းအရင်းကို မြို့နယ်မီးသတ်က စာရင်းပြုစုလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒီစက်ရုံဟာ ထိုင်ဝမ်နိုင်ငံသားနဲ့ စစ်ကောင်စီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းစုဖြစ်ပြီး ဂျပန်နိုင်ငံက Yamadatatsu တံဆိပ်အတွက် အဓိက ချုပ်လုပ်ပေးတဲ့ အထည်ချုပ်ရုံ ဖြစ်တဲ့အပြင် စက်ရုံဆင်းအလုပ်သမားတွေအပေါ် လုပ်ခလစာလျှော့ချပေးနေတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။
Photo - လူမှုကူညီရေးအသင်းများ