ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးက ၇ မိုင် ကျေးရွာပတ်ဝန်းကျင်နဲ့ မိုးမောက် မံပုံကျေးရွာ ပတ်ဝန်းကို ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်တိုက် လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမောက်မြို့ ပတ်ဝန်းကျင် ၂ နေရာမှာ မီးလောင်ကျွမ်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
“မနေ့က ညနေပိုင်းလေယာဉ်ဝဲပြီး လာပစ်သွားတဲ့နောက် ခဏဆို မီးခိုးတွေ တက်ခဲ့ပြီ။ ဂျက်လေယာဉ်နဲ့ ထိုးချပြီး ပစ်သွားတာ၊ လေယာဉ်အသေးကော ပျံတယ်၊ အဲကနေ မီးခိုးတွေ တက်လာပြီး ၂ နေရာ မီးလောင်နေတာ အဝေးကနေတွေ့နေရတယ်။ ကျနော်တို့ ရှိတဲ့နေရာကနေ ကြည့်ရင်တော့ ၇ မိုင်နဲ့ မံပုံရွာလောက်ဖြစ်မယ်၊ မီးခိုးတွေလည်း များတယ်” လို့ ပြည်သူတဦးက ပြောပါတယ်။
လက်ရှိ မိုးမောက်မြို့က ပြည်သူအားလုံး ဘေးလွတ်ရာ မြို့ပေါ်နဲ့ တောတောင်တွေမှာ တိမ်းရှောင်နေကြတာကြောင့် နေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်ဆိုတာ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
မိုးမောက်မြို့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တွေကြား နေ့စဉ်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KIA နဲ့ နီးစပ်သူတဦးကနေ သိရပါတယ်။
ဗန်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ဗန်းမော်တက္ကသိုလ် အထက် ခူးလီနဲ့ နားလိုင်ကျေးရွာ ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။