Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် သံတွဲတွင် ကိုယ်ဝန်ဆောင်အပါအဝင် ၆ ဦးသေ၊ ခင်ဦးတွင် ၅ ဦး ဒဏ်ရာရ
DVB
·
July 21, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်ရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာလည်း လက်နက်ကြီးထိလို့ ဒေသခံ ၅ ယောက် ဒဏ်ရာရသွားပါတယ်။

သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာနဲ့ ကွင်းဝိုင်းရေတပ်ကြားက အဘဲကျေးရွာမှာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်ပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက ​သိရပါတယ်။

စစ်ကောင်စီရေတပ်က အဘဲကျေးရွာ အပါအဝင် အနီးအနားက တောင်တန်းတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့သူတွေ သေဆုံးနေရတယ်လို့ အဘဲကျေးရွာနေသူ တယောက်က ပြောပါတယ်။

“ဂျိတ္တောဘက်ကို တပ်ဆုတ်လာတဲ့ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ ၁၉ ရက်နေ့က ရွာမှာ တိုက်ပွဲဖြစ်ကြတာ။ နေဗီကလည်း ရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခဲ့လို့ စစ်ဘေးရှောင်လာတဲ့သူတွေလည်း သေကြတာပေါ့။ ရွာထဲက ၄ ယောက်နဲ့ ဂျိတ္တောကနေ စစ်ဘေး လာရှောင်နေတဲ့ ၂ ယောက် သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်” လို့ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၀ ရက် မနေ့ကလည်း ဇလွန်ကျေးရွာနဲ့ မောင်ရွှေလေးရေတပ်ကြားက သရက်ပင်ကွင်းတံတား၊ ဇလွန်တံတား၊ ဆင်ဒင်လေးတံတားနဲ့  ပိန်းတောကြီးတံတား ၄ ခစင်းကို စစ်ကောင်စီဘက်က ပျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ သံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး မြို့အဝင် အထွက်ကိုလည်း ကန့်သတ်ထားကြောင်းနဲ့ တကျော့ပြန်တိုက်ပွဲတွေအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုကို AA က သိမ်းယူထားသလို သံတွဲနဲ့ မောင်တောမြို့နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာနဲ့ အင်တိုင်းရွာကို ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်က ဇူလိုင် ၂၀ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ အရပ်သားပြည်သူ ၅ ယောက် ကျည်စထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်ပတ်ရွာဒေသခံတယောက်က “ကျနော်တို့ရွာ  မြောက်ပိုင်းနဲ့ ရွာအလယ်ပိုင်း‌ ရေတွင်းအနီးကို လက်နက်ကြီး ၃ လုံးကျတာဗျ။ အဲလို ကျရောက်ပေါက်ကွဲပြီး ၁၈ နှစ်အရွယ် မောင်အာကာနဲ့ ၆ နှစ်အရွယ် မောင်ပူတူတူး(ခ)ဟိန်းထက်ဇော်  ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်ဗျ။ ဒဏ်ရာကတော့ မစိုးရိမ်ရရဘူး။ နောက်ပြီး နွား ၂ ကောင်နဲ့ ခွေး ၁ ကောင် သေတယ်” လို့ ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံကနေ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး ၂ လုံးက အင်တိုင်းရွာကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

အင်တိုင်းရွာခံတယောက်က  “ကျမတို့ အင်တိုင်းရွာကတော့ လက်နက်ကြီးကျည် ၂ လုံးကျတာ ပြည်သူအမျိုးသား ၃ ဦး ဒဏ်ရာရခဲ့တယ်ရှင့်။ အမည်တွေကတော့ ဦးတီ အသက် ၆၀ ဒဏ်ရာစိုးရိမ်ရ၊ ကိုမဲလုံး  ၃၈ နှစ်နဲ့ အောင်ပြည့်ဖြိုး ၁၈ နှစ်တို့ဖြစ်ပါတယ်ရှင့်။ လူအိပ်ချိန်ကြီး အခုလို ပစ်တာကတော့ လူစိတ်မရှိလို့ပါပဲရှင်။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို သက်သက်ကြီးကို ပစ်တာ” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် မေ ၁၆ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီကျော်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့  ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲပြီး အမျိုးသမီး ၁ ယောက် ထိခိုက်သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013