Home
မြန်မာသတင်း
မတ္တရာ၊ ဒီပဲယင်းတွင်  စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ 
DVB
·
July 19, 2024
Photo Crd-ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စခန်းသိမ်းတိုက်ပွဲကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၂ ဦး အရှင်မိပြီး သေနတ် ၂ လက်၏ သိမ်းဆည်းရရှိခဲ့​တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းကနေ သိရပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “မတ္တရာမြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မန္တလေး PDF က တိုက်ခိုက်လိုက်လို့ ပြန်လည်ဆုတ်ခွာလာချိန် တံငါရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့ကောင်တွေကတော့ တပ်ပျက်ပြီး ထွက်ပြေးသွားကြပါတယ်” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ရမည်းသင်းမြို့ အမှတ် ၃ တပ်ရင်းက တပ်ကြပ်အဆင့်ရှိသူ ၁ ဦးနဲ့ ပခုက္ကူအခြေစိုက် ခလရ ၂၅၃ တပ်ရင်းက တပ်သားအဆင့်ရှိသူ ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ဆီကနေ MA 11 သေနတ် ၁ လက်၊ G 3 သေနတ် ၁ လက်နဲ့ BA 100 ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၁ ခုတို့ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပါတယ်” လို့လည်း ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တာဝန်ခံတဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းနဲ့ နယ်မြေခံ ပကဖ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာလည်း မြန်မာ့စီးပွားရေးဘဏ်အနီး ဇူလိုင် ၁၆ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို ပစ်သတ်ခံရပြီးနောက် စစ်တပ်က ရဲစခန်းအတွင်းကနေ ပြန်လည်ခုခံပစ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြို့ပေါ်နေ ပြည်သူတဦးက “သူတို့ကလည်း မြို့ပေါ်အထိ လာမပစ်ဘူးလို့များ ထင်ကြတာလား မသိဘူး။ နမော်နမဲ့နဲ့ အပြင်ထွက်လာတဲ့အချိန် ဟိုဘက် (PDF) က အလစ်ဝင်ပစ်တာ။ သေတာက ၂ ယောက် သေတယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ ရဲဘော်တဦးက “သူတို့ ရဲစခန်းကနေ ထွက်လာတဲ့အချိန်ကို ကျနော်တို့ စောင့်ပြီး ပစ်ခတ်တာဗျ။ စစ်သား ၂ ဦး နေရာတင် သေဆုံးတယ်။ ကျနော်တို့ပစ်သံကြားပြီး ရဲစခန်းအတွင်းကနေ ပြန်ပစ်တာရှိတယ်ဗျ။ ကျနော်တို့လည်း ရဲစခန်းကို နာရီဝက်လောက် ပြန်ပစ်လိုက်သေးတယ်။ အဲဒါပြီးတာနဲ့ နောက်ကြောင်း ပြန်ဆုတ်ခဲ့တယ်ဗျ။ တိုက်ပွဲအတွင်းကတော့ ရန်သူဘက်ကနေ ကာဘိုင် ၂ လက် သိမ်းဆည်းရရှိခဲ့တာတော့ ရှိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူ ၂ ဦးထဲက တဦးဟာ ထွေအုပ်ဝန်ထမ်း ကျော်ရူပ ဖြစ်ပြီး ကျန်တဦးက စစ်သားတဦးဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောဆိုပေမဲ့ DVB အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေးအဖွဲ့၊ ဒီပဲယင်းပကဖ၊ တိုက်နယ် ၁၊ ၂၊ ၃၊ ရေဦးမြို့နယ်ပကဖ (Galaxy Force)၊ ရေဦးမြို့နယ်ပကဖ (ဖီးနစ်တပ်ခွဲ)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (ADPRA)၊ ရန်ကြီးအောင် LDF တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ဒီပဲယင်းမြို့ထဲ ဝင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်ဘက်ကလည်း ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်အထိသာ စစ်ကြောင်းထိုးပြီး ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနိုင်ခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ ခုနှစ်အထိ စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့ဘဲ ဒီပဲယင်းမြို့ ရဲစခန်းမှာသာ အထိုင်ချနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013