Home
မြန်မာသတင်း
ကျိုက်မရောတွင် လေကြောင်းဗုံးကြဲမှုကြောင့် လူထိခိုက်သေဆုံးမှုများပြား
DVB
·
July 20, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်းကျေးရွာလမ်းဆုံမှာတို့ကို ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့) မနက် ၁၀နာရီလောက်က လေကြောင်းကနေဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွှစင်ကုန်းလမ်းဆုံမှာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ်အများအပြားနဲ့ကားတွေပျက်စီးခဲ့သလို ငပုအင်းရွာဘုန်းကြီးကျောင်းကိုတိုက်ခိုက်မှုမှာတော့ အရပ်သားပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀ လောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

ဒေသခံတယောက်က “လွှစင်ကုန်းလမ်းဆုံမှာ ဗုံး ၂ လုံးကျလို့ ၂ ဦးသေပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ ပငုအင်းရွာသစ် ဘုန်းကြီးကျောင်းကျတာကျတော့ ၃၀ လောက် ထိခိုက်သေဆုံးမှုရှိတယ် ကြားတယ်။ အရပ်သားတွေရောပါသလို တော်လှန်ရေးတပ်ဖွဲ့တွေလည်းပါတယ်။ တချို့ဆို ဗုံးကြဲခံရတာ တစစီပါဖြစ်တယ်လို့ ပြောတယ်။ အတိအကျကြီးတော့ သေချာမသိသေးပေမယ့် အကုန်လုံးပေါင်း ၃၀ ထက်မနည်းပါဘူး” လို့ ပြောပါတယ်။

ငပုအင်းရွာသစ်နဲ့ လွှစင်ကုန်းလမ်းဆုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတွေရော တော်လှန်ရေးတပ်ဖွဲ့တွေပါ ကျဆုံးမှု‌နဲ့ဒဏ်ရာရရှိမှုတွေရှိတယ်ဆိုတာ ဟုတ်မှန်ပြီး ဘယ်အဖွဲ့တပ်သားတွေ ကျဆုံးတာ‌ကိုတော့ အတိအကျပြောမရဘူးလို့ မွန်‌လွတ်မြောက်ရေး တပ်မတော်(MLA) အတွင်းရေးမှူး နိုင်မာဃက ပြောပါတယ်။

ရာမညဖက်ဒရယ်အင်အားစုတာဝန်ခံ ကိုမင်းသံလွင်က “အားလုံးစုစုပေါင်း ၃၀ ထက်မနည်း ထိခိုက်မှုတွေ၊ သေဆုံးတာတွေရှိတယ်လို့ သိထားရတယ်။ သေချာအတိအကျကြီးတော့ အတည်မပြုနိုင် သေးပါဘူး။ ဒေသခံတွေရော၊ တော်လှန်ရေးတပ်ဖွဲ့တွေပါပါတယ်။ နောက်နေ့ကျလို့ အတည်ပြုချက် ယူပြီးရင် ပြန်ပြောပေးပါမယ်” လို့ ပြောပါတယ်။

‌‌ဗုံးကြဲတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော်အပါအဝင် ၂၀ ကျော်အထိသေဆုံးပြီး အများအပြားလည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တခုကပြောပေမယ့် DVB အနေနဲ့ သီခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွေမှာတော့ ငပုအင်းရွာသစ်မှာ KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အစည်းအဝေးလုပ်မယ်လို့ သတင်းရတာကြောင့် ဗုံးကြဲခဲ့တာဖြစ်ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးနားမှာရှိတဲ့ဒေသခံတွေဟာ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမှာစိုးတဲ့အတွက် ဘေးလွတ်‌ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

မွန်-ကရင်အစပ် ကျိုက်မရောက ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်တာ မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013