ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ Operation Rung အမည်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၆၂ ယောက် ကို ကယ်ထုတ်လာနိုင်တယ်လို့ Chinland Defense Force-Hakha (CDF-Hakha) ဆီကနေ သိရပါတယ်။
CDF-Hakha ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဒီရဲစခန်းမှာက ရဲအင်အားနည်းတယ်။ ၁၅ ယောက် လောက်ပဲရှိတာ။ ရဲ ၃ ယောက်ကတော့ တိုက်ပွဲအတွင်းမှာသေတယ်။ ၁ ယောက်က နောက်ပြီးမှ ထပ်သေတာ။ သေနတ် ၂၀ ကျော်ရခဲ့တယ်။ သူတို့ဆီမှာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ၆၂ ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ကိစ္စတွေဆောင်ရွက်နေကြလို့ ဒီလောက်ပါပဲ” လို့ DVB ကို အတည်ပြုပြောပါတယ်။
အဲဒီစခန်းကနေ ဖမ်းဆီးချုပ်နှောင်ခံထားရသူ အမျိုးသား ၄၉ ယောက် နဲ့ အမျိုးသမီး ၁၃ ယောက်တို့ကို ကယ်ထုတ်လာနိုင်တယ်လို့ သိရပါတယ်။
CDF-Hakha ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ လက်တွဲညီညီ တော်လှန်တိုက်ထုတ်လိုက်ရင် မကြာခင်မှာပဲ အာဏာရှင်စနစ်အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာတော့မှာပါ။ ဒါ့ကြောင့်မို့ ပြည်လူထုအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယွ်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း CDF-Hakha နဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့လည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။