ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း MyTel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ အယောက် ၇၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆ လအတွင်း Mytel ဖုန်းတာဝါတိုင်တွေ မိုင်းခွဲခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ အမျိုးသား ၅၁ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက်၊ စုစုပေါင်း ၇၂ ယောက်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေက လူငယ်တွေချည်းပဲ။ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းတာ။ စွပ်စွဲအဖမ်းခံရတာ။ အားလုံးအယောက် ၇၀ ကျော်ပါပြီ။ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာက ၅ ယောက်ဆို အဖမ်းခံရတုန်းက ရိုက်ခံထားရတာ အတော်ကို ပြင်းထန်တဲ့ ဒဏ်တွေရရှိခဲ့တာ။ အဖမ်းခံရတဲ့သူတွေက တတ်ကြွသူတွေလည်းမဟုတ်သလို ဒီလုပ်ရပ်ကိုလုပ်မယ့် သူတွေလည်း မဟုတ်ပါဘူး။ စစ်ကောင်စီက သူတို့ မထောက်ခံတဲ့ လူငယ်တွေကို အညှိုးနဲ့ဖမ်းနေတာ” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့သူ ၇၂ ယောက်ထဲမှာ ကျန်းမာရေးမကောင်းတဲ့လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေလည်းပါဝင်ပြီး ဘိုကလေး၊ ကျိုက်လတ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ လပွတ္တာ၊ ဝါးခယ်မ၊ ပန်းတနော်၊ ပုသိမ်၊ ဟင်္သာတ စတဲ့ မြို့နယ်တွေကနေ အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဘိုကလေးမြို့နယ် ဒေသခံတယောက်က “အဖမ်းခံရသူတွေထဲမှာ အမျိုးသားလူငယ်တွေများတယ်။ မိန်းကလေးတွေလည်းပါတယ်။ မိဘတွေက စိုးရိမ်နေတာ။ ထောင်ဒဏ်ချမှတ်တာလည်း မလုပ်သေး ပြန်လည်းမလွှတ်ပေးသေးတော့ အတော်ကို စိုးရိမ်တယ်။ တချို့မိသားစုတွေဆို ဒီကနေ့အထိ အဖမ်းခံရတဲ့ကလေးတွေနဲ့ တွေ့ခွင့် မရတာတွေလည်းရှိနေတယ်” လို့ ပြောပါတယ်။
MyTel ဖုန်းတာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေက လုပ်တာလို့ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ထားပေမယ့် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေနဲ့ မပတ်သက်တဲ့ အရပ်သားတွေကိုပဲ စစ်တပ်က စွပ်စွဲဖမ်းဆီးထားတာဖြစ်ပါတယ်။