Home
မြန်မာသတင်း
နေပူခံဒုက္ခသည်စခန်းမှ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ ကာကွယ်ဆေးမထိုးရသဖြင့် ကျန်းမာရေးထိခိုက်
DVB
·
July 20, 2024

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နေပူခံကျေးရွာ ဒုက္ခသည်စခန်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေ ကာကွယ်ဆေးမထိုးရတဲ့အတွက် ကျန်းမာရေး ထိခိုက်နေကြတယ်လို့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဆီကနေ သိရပါတယ်။

ကိုယ်ဝန်ဆောင်တာ ၆ လလောက်ရှိပေမဲ့ ကြုံရာကျပန်းလုပ်ကိုင်စားသောက်ကြရကာ ငွေကြေးမတတ်နိုင်တဲ့အတွက် အာဟာရပြည်ဝတဲ့ အစားအစာတွေကို ဝယ်မစားနိုင်ဘူးလို့ နေပူခံရွာ ဒုက္ခသည်စခန်းက မဟာဆီနာက DVB ကို ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ ၂၀၂၃ ခုနှစ်အထိ MHA က အာဆေးတွေ ထောက်ပံ့ကာ၊ အာဟာရချို့တဲ့တဲ့ ကလေးတွေကိုလည်း အာဟာရတွေကျွေးမွေးကာ ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာတော့ သူတို့ဝန်ထမ်းတွေရှိပေမဲ့ ဆေးဝါးလာရောက်ထောက်ပံတာ မရှိဘူးလို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် နေပူခံရွာ ဒုက္ခသည်စခန်းမှ ကိုဝန်ဆောင်မိခင်လောင်း မဟာဆီနာက “ဖျားနာတာတောင်မှ ပါရာစီတာမော တပြားတောင် ဝယ်ဖို့ ပိုက်ဆံမရှိဘူး။ ကိုယ်ဝန်ဆောင်မိခင်တယောက်အနေနဲ့ ပုံမှန်ဆိုရင် ကာကွယ်ဆေး ၄ကြိမ်ထိုးရမှာ ဖြစ်ပေမယ် အခုအချိန်ထိ တကြိမ်မှ မထိုးရသေးဘူး” လို့ ပြောပါတယ်။

ကာကွယ်ဆေးမထိုးရတာကြောင့် မကျန်းမမာ ဖြစ်နေပြီး မွေးဖွားလာတဲ့ ကလေးအတွက်ပါ ကိုလက်အင်္ဂါမစုံလင်မှာကို စိုးရိမ်နေရသလို မိခင်ရော ရင်သွေးငယ်အတွက်ရောပါ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ INGO အဖွဲ့စည်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ နို့တိုက်မိခင်တွေကို ကာကွယ်ဆေးတွေ အမြန်ဆုံးထိုးနှံပေးဖို့ တောင်းဆိုချင်တယ်လို့ နေပူခံဒုက္ခသည်စခန်းမှ နို့တိုက်မိခင် ဒေါ်နီနီသန်းက ပြောပါတယ်။

ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ ကာကွယ်ဆေးထိုးလိုက်ရပေမဲ့ ကလေးမီးဖွားပြီးတဲ့ နောက်ပိုင်းမှာ ကာကွယ်ဆေး မထိုးရတာကြောင့် မိခင်ရော ကလေးပါ နေမကောင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒေါ်နီသန်းက “ကိုဝန်ဆောင်နေတဲ့ အချိန်မှာ ကာကွယ်ဆေးတွေထိုးလိုက်ပါတယ်။ ကလေးမွေးပြီးတာနဲ့ ကာကွယ်ဆေး မထိုးရတော့ပါဘူး။ ကာကွယ်ဆေးမထိုးရလို့ ကလေးရော မိခင်ပါ နေမကောင်းဖြစ်နေပါတယ်။ ကာကွယ်ဆေးထိုးဖို့ ငွေလည်းမရှိပါဘူး။ ဒါကြောင့်မို့ ကာကွယ်ဆေးတွေ အကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ အာဟာရတွေလည်း မကျွေးနိုင်ပါဘူး။ အရင်တုန်းကဆိုရင် နို့မှုန့်ဘူးတဘူးကို ၁ သောင်း၊ ၁ သောင်းခွဲ ကျပ်သာ ပေးရပေမဲ့ အခုဆိုရင် ၈ သောင်းခွဲ ကျပါတယ်။ ကျမတို့ မကျွေးနိုင်ပါဘူး။ ကာကွယ်ဆေးမထိုးရတဲ့အတွက် ကလေးတွေ တော်တော်များများနေမကောင်းဖြစ်နေကြပါတယ်။ ဖျားနာတာတွေနဲ့ အနာတွေပေါက်နေကြပါတယ်။ ကာကွယ်ဆေးမထိုးရတာကြောင့် နေမကောင်းဖြစ်ကာ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးနိုင်ပါတယ်” လို့ ပြောပါတယ်။

နေပူခံရွာ ဒုက္ခသည်စခန်းမှာ ၂၀၁၈ ခု ဇူလိုင် ၂ ရက်နေ့ကတည်းက လာရောက်ခိုလှုံနေကြတာဖြစ်ပြီး အိမ်ထောင်စု ၈၅ စုနဲ့ လူဦးရေ ၅၁၀ နေထိုင်ကြကာ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ နို့တိုက်မိခင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဖြည့်စွက်အာဟာရတွေ အရေးတကြီး အကူညီလိုအပ်နေတယ်လို့ ဒုက္ခသည်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013