ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး တအိမ်ကို ငွေကျပ် ၃၀,၀၀၀ အထိ အဓမ္မ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂,၅၀၀ ထက်မနည်းရှိတဲ့ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၅ ရက်ကစတင်ပြီး စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက် တအိမ် ကျပ် ၃၀,၀၀၀ အထိ ကောက်ယူနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ စာရင်းကောက်ထားတဲ့သူတွေကို ထောက်ပံ့မလို့ဆိုပြီး ဒေသခံတွေဆီမှာ အတင်းငွေကောက်နေတာ၊ မဖြစ်မနေထည့်ဖို့ ကောက်ယူနေတာ။ ကောက်တဲ့ငွေအတိုင်း မပေးရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်သေးတယ်။ တခြားဒေသတွေတော့ မသိဘူး၊ ဒီကအုပ်ကြီးကတော့ အတော်ကိုဆိုးတာ” လို့ ပြောပါတယ်။
အဲဒီကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက သူ့ရဲ့ မမှန်မကန် လုပ်ဆောင်ချက်ကို ထောက်ပြပြောဆိုတဲ့ ဒေသခံ လူငယ် ၅ ယောက်ကိုလည်း ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာ စစ်မှုထမ်းဖို့ မြို့နယ်ကို စာရင်းတင်ထားပြီး နောက်ထပ် စစ်မှုထမ်းဖို့ တတိယအသုတ်မှာ မပါစေချင်ရင် ငွေထည့်ဖို့ပြောတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က “အမျိုးမျိုး ခြိမ်းခြောက် ငွေကောက်နေတာ။ အုပ်ချုပ်ရေးမှူးတွေက အတော်ဆိုးတယ်၊ အဆိုးဆုံးပဲ။ တအိမ် ၃၀,၀၀၀ မထည့်ရင် မိမိတာဝန်ပဲလို့ ပြောတယ်။ နောက်အသုတ်မှာ မပါချင်ရင် ငွေထည့်လို့လည်း ပြောတယ်။ ငွေမရှိ မထည့်နိုင်တဲ့သူတွေ၊ နွမ်းပါးသူတွေကို သူ့အိမ်မှာ အလုပ်တွေခေါ်ခိုင်းတာ” လို့ ပြောပါတယ်။
အခုလို ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အဓိက စာရင်းကောက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီတက်လာပြီး ဒုတိယအကြိမ် ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး စစ်မှုထမ်းဥပဒေ မထုတ်ပြန်ခင်ကလည်း အရပ်သားတွေကို အမျိုးမျိုးဖိနှိပ်ကာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လမ်းကြေး၊ ကင်းကြေးတွေ ကောက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာလည်း စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့ဆိုပြီး တအိမ်ထောင် ၂၀,၀၀၀ အထိ ကောက်ခံခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။