ပြည်သူတွေအနေနဲ့ ချင်းပြည်နယ်အတွင်းက လမ်းတွေကိုအသုံးပြုတဲ့အခါ မိုင်းအန္တရာယ်ကို သတိထားသွားလာကြဖို့ CDF-မတူပီ(တပ်မဟာ-၁) က ဇူလိုင် ၁၉ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
CDF-မတူပီ(တပ်မဟာ-၁) ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ကျနော်တို့ရဲ့ Operation CB အတွက် ထောက်ပို့အသုံးပြုနေတဲ့လမ်းတွေမှာ CNF/CNA နဲ့ အပေါင်းအပါတွေက မိုင်းထောင်တာတွေ ပြုလုပ်နေပါတယ်။ ဒါကြောင့်မို့လို့ ထောက်ပို့လုပ်နေတဲ့လမ်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ လမ်းကြောင်းနေရာတွေကို ပြည်သူတွေအနေနဲ့ သွားလာတာတွေမပြုလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်” လို့ လို့ DVB ကို ပြောပါတယ်။
CNF/CNA နဲ့ပူးပေါင်းအဖွဲ့တွေဟာ CDF-မတူပီ (တပ်မဟာ-၁) က Operation CB အတွက် ထောက်ပို့အသုံးပြုနေတဲ့ လမ်းတွေနဲ့ တံတားတွေကိုပါ ဖျက်ဆီးတာတွေ၊ ထောက်ပို့ လမ်းကြောင်းတွေကို ကြားဖြတ်ချုံခိုတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်သူတွေ အသုံးပြုနေတဲ့ လမ်းတွေမှာ မိုင်းနဲ့ပတ်သက်တဲ့ သံသယရှိဖွယ်ပစ္စည်းတွေ တွေ့ရင်လည်း CDF-မတူမီ (တပ်မဟာ-၁) ဆီကို ဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လို့ CDF-မတူမီ (တပ်မဟာ-၁) ရဲ့ တာဝန်ခံတယောက်က “မတူပီမြို့ကို သိမ်းပြီးကတည်းက CNF/CNA နဲ့ အပေါင်းအပါတွေက ကျနော်တို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေကို အခုထိ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီနဲ့တိုက်ပွဲမှာ ဒဏ်ရာရလို့ ဆေးခွင့်ယူပြီး လက်နက်မပါဘဲ မိဘတွေရဲ့အိမ်ကို ခဏပြန်သွားကြတဲ့ တပ်မဟာ ၁ က တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း CNF/CNA နဲ့ အပေါင်းအပါတွေက အကြောင်းမဲ့ ဖမ်းဆီးသွားတာ အခုထိ ပြန်မလွှတ်သေးပါဘူး” လို့ ပြောပါတယ်။
DVB အနေနဲ့ အဆိုပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး CNF/CNA ရဲ့ တာဝန်ခံနဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့ မရရှိခဲ့ပါဘူး။
ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲ (Operation CB) တွေ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ လူအင်အားနဲ့ လက်နက်အင်အားတွေ သယ်ယူပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။
CDF-မတူပီ(တပ်မဟာ-၁) နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဇွန်လ ၂၉ ရက်နေ့မှာ မတူပီမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။