ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရဲ့ တရုတ်တန်းဇုန်နယ်မြေမှာ ၅ ထပ်မြင့် လူနေနဲ့ စီးပွားရေး အဆောက်အဦမှာ သြဂုတ် ၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အသိုက်အဝန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မနီလာခရိုင် မီးသတ် အကြီးတန်းစစ်ဆေးရေးမှူး မိုက်ကယ်အစ်ဂ်နာစီယိုက “လက်ရှိ နောက်ဆုံးအပ်ဒိတ်က သေဆုံးသူ ၁၁ ဦး ဖြစ်ပြီး သူတို့တွေဟာ တယောက်မှ အခန်းထဲကနေ လွတ်အောင်မပြေးနိုင်ကြဘဲ ပိတ်မိသွားကြပုံ ပေါ်ပါတယ်။ အသက်ရှုကျပ်ပြီး မလှုပ်ရှားနိုင်တော့ ပိတ်မိကုန်တာပါ။ ဒဏ်ရာရသူတွေထဲမှာ အသက်ရှုရခက်တဲ့သူလည်း ရှိတယ်”လို့ ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေဆီ မနက် ၇ နာရီခွဲမှာ မီးလောင်မှု သတင်းပေးချက်ဝင်လာပြီးနောက်မှာ မနီလာမြို့ရှိ ဘင်နွန်ဒိုခရိုင်မှာ အချိန် ၃ နာရီ ကြာလောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းထုတ်ပြန်ခြင်း မရှိပါဘူး။ ဖိလစ်ပိုင်နိုင်ငံဟာ အဆောက်အဦတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေမှာ မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာမှာ စံချိန်မပြည့်မီတဲ့ မှတ်တမ်းတွေ ရှိနေတာပါ။
၂၀၂၃ ခုနှစ် မေလတုန်းက မြို့တော်ရဲ့ သမိုင်းဝင် ဗဟိုစာတိုက် အဆောက်အအုံ မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး သြဂုတ်လတုန်းကလည်း လူနေရပ်ကွက်နဲ့ ဂိုဒေါင်အဆောက်အအုံ မီးလောင်မှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ဒါဗောင်းစီးတီး တောင်ပိုင်းရှိ စျေးဝယ်စင်တာတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး call center အေးဂျင့် ၃၇ ဦးနဲ့ လုံခြုံရေးအရာရှိတဦး သေဆုံးခဲ့ဖူးပါတယ်။
Source-Reuters