Home
နိုင်ငံတကာ
တယ်လီဂရမ် စီအီးအိုကို ယူရို ၅ သန်း အာမခံဖြင့် ပြန်လွှတ်
DVB
·
August 29, 2024
Photo - Reuters

တယ်လီဂရမ်စီအီးအို ပါဗယ်ဒူရော့စ်ကို သူ့အက်ပလီကေးရှင်းပေါ်က စုဖွဲ့ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး  စစ်ဆေးဖို့  ဩဂုတ် ၂၈ ရက်မှာ  ပြင်သစ် တရားသူကြီးတယောက်က ဆုံးဖြတ်လိုက်ပြီး ယူရို ၅ သန်းနဲ့ အာမခံပေးခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်နယ်မြေထဲက မထွက်ခွာဖို့နဲ့ နှစ်ပတ် တခါ ရဲတပ်ဖွဲ့ကို သတင်းပို့ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဖမ်းဆီးစဉ်က စစ်ဆေးခဲ့တဲ့ စွဲချက်အားလုံးအတွက် ဒူရော့ဗ်ကို တရားဝင်စစ်ဆေးမှု စတင်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်လို့ တရားသူကြီးက သုံးသပ်ခဲ့ပါတယ်။

ဒီစွဲချက်တွေထဲမှာ တရားမဝင် ရောင်းဝယ်မှုတွေ၊ ကလေးသူငယ် လိင်အလွဲလုပ်မှု ပုံရိပ်တွေ၊ မူးယစ်မှောင်ခိုမှုနဲ့ လိမ်လည်မှုတွေကို ခွင့်ပြုထားတဲ့ အွန်လိုင်းပလတ်ဖောင်းတခုကို လုပ်ကိုင်လည်ပတ်မှုမှာ ကြံရာပါအဖြစ် ပါဝင်မှု သာမက အာဏာပိုင်တွေကို သတင်းအချက်အလက် ဆက်သွယ်ပေးအပ်ဖို့ ငြင်းဆန်မှု၊ ငွေကြေးခဝါချမှု၊ ရာဇဝတ်ကောင်တွေကို ခရစ်ပတိုဂရက်ဖစ်ဝန်ဆောင်မှု ပေးအပ်မှုတွေပါ ပါဝင်ပါတယ်။

ဒူရော့ဗ်ရဲ့ ရှေ့နေကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ ပြင်သစ်ဥပဒေအရ တရားဝင်စုံစမ်းစစ်ဆေးခံရရုံရဲ့ အပြစ်ရှိတယ်လို့ မသတ်မှတ်သလို၊ ရုံးတင်စစ်ဆေးတဲ့ အဆင့်ကိုလည်း မရောက်သေးပါဘူး။

ရုံးတင်ဖို့ ဒါမှမဟုတ် ရုပ်သိမ်းပေးဖို့ သင့်မသင့် စစ်ဆေးတာတွေဟာ နှစ်နဲ့ချီပြီတော့လည်းကြာနိုင်ပါတယ်။ ဒူရော့ဗ် ဖမ်းဆီးခံရမှုကြောင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ တရားဥပဒေစိုးမိုးမှုကြားက ပြဿနာက ဆွေးနွေးငြင်းခုံစရာ ဖြစ်လာပါတယ်။

သုံးစွဲသူ သန်း ၁၀၀၀ လောက်ရှိတဲ့ တယ်လီဂရမ်နဲ့ အစိုးရတွေအကြား မလွယ်ကူတဲ့ ဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ 

ရုရှားနိုင်ငံပိုင် အေဂျင်စီ  RIA က ထုတ်ပြန်တဲ့ ဗီဒီယိုတခုမှာ ဒူရော့ဗ်ဟာ ဘေ့စ်ဘောဦးထုပ်ဆောင်း၊ နေကာမျက်မှန်တပ်ပြီး ဥပဒေအရာရှိရုံးက ထွက်လာတဲ့ပုံ၊ ကားတစီးတည်း ဝင်သွားတဲ့ပုံတွေ ပါရှိပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013