မြောက်ကိုရီးယားက တောင်ဘက်ကိုဦးတည်ပြီး အမှိုက်အိတ်တွေ တင်ဆောင်လာတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်မှုကို ပြန်စတင်ခဲ့ပြီး တောင်ကိုရီးယားမှာ တချို့အမှိုက်ထုပ်တွေက ပြုတ်ကျခဲ့ကြောင်းနဲ့ ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင့် အလျင်စလို လွှတ်တင်လိုက်ပုံ ရပေမဲ့ လေကြောင်းပြောင်းပြန် တိုက်ခတ်မှုကြောင့် သူတို့လွှတ်တင်မှုဟာ ထိရောက်မှု မရှိကြောင်း တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာ ၅ ရက်မှာ ပြောပါတယ်။
မိုးပျံပူဖောင်း ၄၀၀ ကျော်ကို စက်တင်ဘာ ၄ ရက် နှောင်းပိုင်းကတည်းက လွှတ်တင်ခဲ့ပြီး ဆိုးလ်မြို့ မြောက်ဘက်ရှိ ဧရိယာတွေမှာ အလုံး ၂၀ လောက် ဆင်းသက်ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
အဲဒီထဲမှာ အမှိုက်တွေပါရှိလာပြီး ဘေးကင်းလုံခြုံရေးအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေတော့ မပါရှိ ကြောင်းလည်း သူတို့က ပြောပါတယ်။
မြောက်ကိုရီးယားဟာ မေလတုန်းက အမှိုက်နဲ့ တိရစ္ဆာန်မစင်တွေကို ထည့်ထားတဲ့ မိုးပျံပူဖောင်း တွေကို ပထမဆုံး စေလွှတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက ဘက်ပြောင်း ခိုလှုံလာသူတွေနဲ့ တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေဟာ ပြုံယမ်းဆန့်ကျင်ရေး လက်ကမ်း စာစောင်တွေ၊ ငွေစက္ကူတွေနဲ့ USB စတစ်တွေ ပါရှိတဲ့ အိတ်တွေကို ပို့လွှတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ဝါဒဖြန့်ချိရေးသတင်းတွေကို သူတို့ထိန်းချုပ်မှုအတွက် ခြိမ်းခြောက် မှုတခုအဖြစ် ယူဆတာကြောင့် ဒီလှုပ်ရှားမှုတွေကို ဒေါသတကြီး တုံ့ပြန်ခဲ့တယ်လို့ တောင်ကိုရီးယား ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Source-Reuters