ကန့်ကွက်နေတဲ့ကြားကပဲ ဂျပန်နိုင်ငံကို ပေးပို့ခဲ့တဲ့ မြန်မာဆင် ၄ ကောင်ထဲက ဆင်မလေး တကောင်ဟာ ဖူကူအိုကာတိရစ္ဆာန်ရုံမှာ သေဆုံးသွားခဲ့တဲ့အကြောင်း The Mainichi ဂျပန်နေ့စဉ် သတင်းမှာ ဖော်ပြပါတယ်။
၁၂ နှစ်သားအရွယ် ဆင်မကလေးဟာ ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံး သွားခဲ့တယ် လို့ မြို့တော်တာဝန်ရှိသူတွေက စက်တင်ဘာ ၁၀ ရက်မှာ အတည်ပြု ပြောကြား ခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ မြန်မာဆင်တွေကို လက်မခံဖို့ ဂျပန်ရောက် မြန်မာတွေက တောင်းဆိုကန့်ကွက်နေတဲ့ကြားကပဲ ဂျပန်နိုင်ငံကို ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ရောက်ရှိ လာခဲ့တာဖြစ်ကာ အဆိုပါ ဆင်လေးကောင်ဟာ အသက် ၃ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်တွေ ဖြစ်ပြီး အမ ၃ ကောင်နဲ့ အထီး ၁ ကောင်ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီပေးပို့မှုမတိုင်ခင်မှာ မြန်မာပြည်ကပေးပို့လာမယ့် ဆင်တွေကို လက်မခံဖို့ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့က ဖူကူအိုကာတိရစ္ဆာန်ရုံကို တောင်းဆိုထားခဲ့ကြပါတယ်။
ဖူကူအိုကာမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး ၂ ဦးနဲ့ တိုကျိုမြို့နေ ဦးမြင့်ဆွေတို့က သူတို့ မွေးရပ် နိုင်ငံ မြန်မာပြည်က ဆင်တွေ လက်ခံတာကို ရွှေ့ဆိုင်းဖို့ တိရစ္ဆာန်ရုံကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ သွားရောက်တောင်းဆိုခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက သံတမန်ရေးရာ ရည်ရွယ်ချက်အတွက် တိရစ္ဆာန်တွေကို အသုံးပြုနေတာလို့ ပြောခဲ့တာပါ။
ဖူကူအိုကာတိရစ္ဆာန်ရုံဘက်ကတော့ မြန်မာနိုင်ငံက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ တိရစ္ဆာန်တွေ ဖလှယ်ရေးဆိုင်ရာ စာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ သဘောတူညီခဲ့ပြီး တိရစ္ဆာန်ရုံအနေနဲ့ ဆင်တွေကို သူတို့ပတ်ဝန်းကျင်အသစ်မှာ ချောချောမွေ့မွေ့ လိုက်လျောညီထွေ နေထိုင်နိုင်မယ် ဆိုရင် လာမယ့် အောက်တိုဘာလထဲမှာ အများပြည်သူကို ပြသဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ခုလတ်တလောမှာတော့ ဒီပြသမှုမတိုင်ခင်မှာပဲ မြန်မာဆင် ၄ ကောင်ထဲက တကောင်က သေဆုံး သွားခဲ့ပြီဖြစ်ကာ ကျန် ၃ ကောင်ကတော့ ကျန်းမာရေးပြဿနာ တစုံတရာမရှိကြောင်း ဂျပန် တာဝန်ရှိသူတွေက ပြောထားပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်ကတည်းက တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ တိရစ္ဆာန်ရုံမှာတော့ အာရှဆင် တွေကို ထိန်းသိမ်းပြသထားရာကနေ ၂၀၁၇ ခုနှစ်မှာ အသက် ၄၆ နှစ်အရွယ် ဆင်မကြီး ဟန်နကို သေဆုံးသွားပြီးတဲ့နောက် တကောင်မှ မရှိတော့တာ ဖြစ်ပါတယ်။
Source/ Photo: Mainichi