Home
နိုင်ငံတကာ
ဂျပန်ထောက်လှမ်းရေး အေးဂျင့် ၁ ဦးကို ဘီလာရုစ် ထိန်းသိမ်း
DVB
·
September 6, 2024
Photo-BELTELERADIO COMPANY

ဘီလာရုစ် လုံခြုံရေးတပ်ဖွဲ့တွေဟာ သံသယရှိ ဂျပန်ထောက်လှမ်းရေး အေးဂျင့်တယောက်ကို ထိန်းသိမ်းလိုက်ပြီး သူဟာ ရုရှားမဟာမိတ်နဲ့ ဆိုဗီယက်နိုင်ငံဟောင်းရဲ့ နယ်စပ်ဒေသတွေနဲ့ စစ်ရေးအဆောက်အဦတွေကို စောင့်ကြည့်လေ့လာခဲ့တယ်လို့ သံသယရှိကြောင်း ဘီလာရုစ်မီဒီယာက စက်တင်ဘာ ၄ ရက် ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဂျပန်အမျိုးသားဟာ ဘီလာရုစ်နိုင်ငံရှိ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေ၊ တရုတ်နိုင်ငံရဲ့ “One Belt, One Road” စီမံကိန်းကို အကောင်အထည်ဖော်မှုနဲ့ ယူကရိန်းနဲ့ ဘီလာရုစ် နယ်စပ်တလျှောက် အခြေအနေတွေအပေါ်  ထောက်လှမ်းချက်တွေကို စုဆောင်းထားတာတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရကြောင်း ဘီလာရုစ် မီဒီယာက ပြောပါတယ်။

သတင်းတွေမှာတော့ သူဟာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

ဘီလာရုစ်နိုင်ငံရှိ ဂျပန်သံရုံး အာဏာပိုင်တွေကတော့ အသက် ၅၀ အရွယ် ဂျပန်အမျိုးသားတယောက်ကို ဒေသန္တရဥပဒေတွေ ချိုးဖောက်မှုနဲ့ ဇူလိုင် ၉ ရက်က ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့တယ်လို့ ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိက ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အကျဉ်းချခံထားရတဲ့ အမျိုးသားဟာ ကျန်းမာရေးပြဿနာ မရှိကြောင်း ဟာယာရှိက သံရုံးဝန်ထမ်းတွေကို ကိုးကား ပြောဆိုခဲ့ပြီး ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ အစွမ်းကုန် ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။

ဂျပန်အမျိုးသားကို အရှေ့တောင်ဘက် ဂိုမယ်လ်မြို့မှာ ထိန်းသိမ်းထားတယ်လို့ ဘီလာရုစ် ရုပ်မြင်သံကြားမှာ ကြေညာပါတယ်။

ဂျပန်အမျိုးသားဟာ သူ့ဇနီးရဲ့ ဇာတိမြို့ဖြစ်တဲ့ မြို့တော်ရှိ တက္ကသိုလ်တခုမှာ ဂျပန်စာ သင်ကြားပေးဖူးကြောင်းနဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းများ ပြပွဲကိုလည်း ကျင်းပခဲ့ဖူးတယ်လို့ ဆိုပါတယ်။

သူ့လုပ်ရပ်ဟာ ဘီလာရုစ်နိုင်ငံအတွက် ထိခိုက်စေနိုင်တယ်လို့ အသိအမှတ်ပြုကြောင်းလည်း ရေဒီယိုလစ်ဘာတီက ဆိုပါတယ်။

မီဒီယာ ထုတ်ပြန်ချက်တွေမှာတော့ ထောက်လှမ်းရေးလှုပ်ရှားမှုတွေမှာ ဂျပန်အမျိုးသား တယောက် ပါဝင်ပတ်သက်နေမှုဟာ ပထမဆုံးဖြစ်ရပ်ပဲလို့ ဆိုထားပါတယ်။

ဘီလာရုစ်မှာ အကြမ်းဖက်ဝါဒနဲ့ သူပုန်ထမှုတို့ကြောင့် ဂျာမန်နိုင်ငံသားတယောက်ကို ဇွန်လမှာ သေဒဏ်ချမှတ်ခဲ့ပေမဲ့ ရုရှား၊ ဘီလာရုစ်၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေအကြား အကျဉ်းသား အစုလိုက်အပြုံလိုက် လဲလှယ်မှုတခုမှာ ပြန်လွတ်မြောက်သွားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013