ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် အီရန်ဆီက ပဲ့ထိန်းဒုံးကျည်တွေကို လက်ခံရရှိခဲ့ကြောင်း သတင်းတွေကို အမေရိကန်က အတည်ပြုခဲ့တယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါက စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
သီတင်းပတ်တွေအတွင်း ယူကရိန်းကို တိုက်ခိုက်ရာမှာ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်တဲ့ ဖာ့သ်-၃၆၀ ကို အသုံးပြုခဲ့တာကြောင့် ယူကရိန်းအရပ်သားတွေ သေဆုံးမှုတွေ ပိုဖြစ်ခဲ့တယ်လို့ အမေရိကန်က အကဲဖြတ်ခဲ့ကြောင်း ရိုက်တာက ဆိုပါတယ်။
ဒီဒုံးကျည်စနစ်ကို အသုံးပြုဖို့ ဒါဇင်နဲ့ချီတဲ့ ရုရှားစစ်ဘက်ဝန်ထမ်းတွေကို အီရန်မှာ လေ့ကျင့်ပေးထားတယ်လို့ ယုံကြည်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် ပြုပြီးနောက် ၂ နှစ်ခွဲကာလမှာ အီရန်ဆီက ဒုံးကျည်တွေကို လက်ခံရရှိခဲ့ကြောင်း အစောပိုင်းကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောခဲ့ပါတယ်။ အီရန်ကတော့ လက်နက်ထောက်ပံ့မှုကို ငြင်းဆိုထားပါတယ်။
ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတာကို ရင်ဆိုင်နေရတဲ့ ယူကရိန်းက ဒုံးကျည်ထောက်ပံ့မှု သတင်းတွေကို အတည်ပြုနိုင်ပြီဆိုရင် အီရန်နဲ့ ဆက်ဆံရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို တိုက်ခိုက်ဖို့ အီရန်ထောက်ပံ့တဲ့ လက်နက်တွေကို ရုရှားက အသုံးပြုခဲ့ရင် ယူကရိန်းဟာ အီရန်နိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်ရမှာဖြစ်ပြီး ဒီလို လက်နက်ထောက်ပံ့မှုတွေက လက်မခံနိုင်စရာဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် အပါအဝင် ယူကရိန်းရဲ့ မဟာမိတ်တွေက အဲဒီထောက်ပံ့မှုဟာ ရေရှည်တင်းမာမှုကို သိသိသာသာ တိုးမြင့်လာစေပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံချမှတ်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
Source-Reuters