Home
နိုင်ငံတကာ
ကမ်မလာ ဟားရစ်နှင့် ဒေါ်နယ်ထရမ့်ပ်တို့ စကားစစ်ထိုး
DVB
·
September 11, 2024
Photo-Reuters

အမေရိကန်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သမ္မတလောင်း ကိုယ်စားလှယ် ၂ ယောက်ရဲ့ စက်တင်ဘာ ၁၀ ရက်မှာ ကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ ဒီမိုကရက်တစ်ပါတီက လက်ရှိဒုသမ္မတ ကမ်မလာ ဟားရစ်က ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းကိုယ်စားလှယ် ဒေါ်နယ်ထရမ့်ပ်ကို ခံစစ်နေရာရောက်အောင် စကားထိုးစစ်ဆင်ခဲ့ပါတယ်။

ဘတပြန် ကျားတပြန် တိုက်ပွဲဝင်နေတဲ့ ရွေးကောက်ပွဲအတွင်း မဲဆွယ်ပုံ ပြောင်းလဲနေတဲ့ အခိုက်အတန့်မှာ ဟားရစ်က ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ ကန့်သတ်ချက်တွေအကြောင်း၊ ထရမ့်ပ်က သမ္မတဖြစ်ဖို့ ထိုက်တန်သင့်တော်မှု ရှိမရှိနဲ့ သူ့ရဲ့ များပြားလှစွာသော တရားရေး မပြေလည်မှုတွေကို ခုခံကာကွယ်ဖို့ အဆိုပြုခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် အစိုးရရှေ့နေဟောင်း ဟားရစ်ဟာ ထရမ့်ပ်ကို လိမ်လည်မှုအပြည့်နဲ့ ဒေါသတကြီး တုံ့ပြန်တာတွေ ဆက်တိုက်လုပ်အောင် ထပ်ခါတလဲလဲ ဆွပေးခဲ့လို့ အသက် ၇၈ နှစ်အရွယ် ထရမ့်ပ်က သိသိသာသာ ဒေါသထွက်နေတာ တွေ့ရပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ကိစ္စရပ်တွေအတွက် ထိပ်တိုက်တွေ့ခဲ့ကြပေမဲ့ တိကျတဲ့ မူဝါဒ အသေးစိတ်တွေအပေါ်  ငြင်းခုံမှုက ပေါ့ပါးသွားခဲ့ပါတယ်။

ဟားရစ်ရဲ့ ရန်လိုတဲ့ ချဉ်းကပ်မှုဟာ ထရမ့်ပ်အပေါ် အာရုံစိုက်မှုကို အနိုင်ယူခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပါပြီး ဟားရစ်အပေါ် ရက်သတ္တပတ်များစွာ ကြာအောင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့တဲ့ ထရမ့်ပ်ဟာ စကားစစ်ထိုးပွဲရဲ့ အစောပိုင်း အခိုက်အတန့်မှာ စော်ကားမှုတွေကို ရှောင်လွှဲခဲ့ပြီး ဟားရစ်ရဲ့ ထိုးစစ်အောက်မှာ ပိုပြီး ထိတ်ထိတ်ပြာပြာ ဖြစ်လာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြခဲ့ပါတယ်။

ရုပ်မြင်သံကြားပေါ်ကတဆင့် စကားစစ်ထိုးပွဲဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ သီတင်းပတ် ၈ ပတ်အလိုနဲ့ တချို့ပြည်နယ်တွေမှာ ကြိုတင်မဲမပေးမီ ရက်အနည်းငယ်အလိုမှာ ဆင်နွှဲခဲ့တာပါ။

စကားစစ်ထိုးပွဲမတိုင်မီ ထရမ့်ပ်က ဟားရစ်ရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲတုန်းက ထောက်ခံအားပေးခဲ့တဲ့ လက်ဝဲယိမ်းမူဝါဒတွေကို မီးမောင်းထိုးပြမှာဖြစ်ပြီး အခု ဟားရစ် ရပ်တည်နေတဲ့ လက်ဝဲလက်ယာ မယိမ်းတဲ့ ဗဟိုဝါဒနဲ့ နှိုင်းယှဉ်မယ်လို့ ပြောခဲ့ပါတယ်။

ဟားရစ်ကတော့ ထရမ့်ပ်ရဲ့ မရိုးသားမှုသမိုင်းနဲ့ အမေရိကန်တွေရဲ့ နေ့စဉ်အသုံးစရိတ်တွေကို လျှော့ချဖို့ အဆိုပြုချက်တွေကို အာရုံစိုက်ဖို့ စီစဉ်နေတယ်လို့ မဲဆွယ်စည်းရုံးရေး အကြံပေးတွေက ပြောပါတယ်။

ဟားရစ်အတွက် ဒီရင်ဆိုင်စကားစစ်ထိုးပွဲက အထူးအရေးကြီးပြီး မဲဆန္ဒရှင်တွေရဲ့ လေးပုံတပုံကျော်က သူ့အကြောင်းကို လုံလောက်အောင် မသိသေးဘူးလို့ ထင်မြင်ယူဆနေကြတယ်လို့ သဘောထားစစ်တမ်းတွေက ဖော်ပြထားပါတယ်။

အဲဒီနေ့မှာပဲ ဖီလာဒဲလ်ဖီးယားမြို့ရဲ့ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြသူတချို့ကို ရဲအရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013