Home
မြန်မာသတင်း
ဒေါ်လာဈေး ပြန်ကျသော်လည်း ကုန်ဈေးနှုန်း မကျ
DVB
·
September 9, 2024
MARKET_09092024

ပြီးခဲ့တဲ့လက ကျပ် ၇,၀၀၀ အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးက အခု ကျပ် ၅,၀၀၀ အထိ ဈေးပြန်ကျပေမဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကတော့ ဈေးမချဘဲ အမြင့်ဈေးနဲ့ ဆက်လက် ရောင်းချနေကြတယ်လို့ စားသုံးသူပြည်သူ အများစုက ပြောပါတယ်။

အမေရိကန်ဒေါ်လာအပြင် တခြား ဘတ်ဈေး၊ ယွမ်ဈေးတွေလည်း ပြန်ကျဆင်းလာပြီး မြန်မာကျပ်ငွေတန်ဖိုး ပြန်မာလာပေမဲ့ ကုန်ပစ္စည်းအများစုရဲ့ ဈေးနှုန်းက ပြန်မကျဘဲ ဆက်ပြီး မြင့်တက်နေတာပါ။

ရန်ကုန်မြို့က အိမ်ရှင်မတယောက်က “ကုန်စျေးနှုန်းက တက်ပြီး ပြန်ကျရိုးမရှိပါဘူး။ ငွေဈေးတက်ရင်သာ တင်ရောင်းကြဝာာ၊ ငွေဈေးပြန်ကျရင်ကျ အများစုက မချဘူး၊ မှေးရောင်း‌နေကြတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း ငွေကြေးဖောင်းပွမှုနဲ့ အခြေခံပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းမှုတွေ တနေ့ထက်တနေ့ မြင့်မားလာပြီး ဒေါ်လာငွေရှားပါးနေတဲ့ စစ်ကောင်စီကလည်း သွင်းကုန်တွေကိုလည်း စိစစ်လျှော့ချပြီး ခွင့်ပြုပေးနေတာကြောင့် ဆေးဝါးလို အရေးကြီး ကုန်ပစ္စည်းတွေပါ ပြည်တွင်းမှာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံကတင်သွင်းတဲ့ လူသုံးကုန်၊ စား‌သောက်ကုန်ပစ္စည်းတွေကလည်း ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်နေပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ထိုင်းကသွင်းတဲ့ ဆပ်ပြာမှုန့်တို့၊ နို့မှုန့်တို့၊ စားဆီတို့က City Mart တွေမှာပါ ပစ္စည်းပြတ်နေတာ။ အခုက ပိုက်ဆံရှိရင်တောင် ဝယ်မရ၊ သုံးမရတဲ့ အခြေအနေ ဖြစ်နေတာ။ ပစ္စည်း‌ရှိတဲ့သူကလည်း ဈေးပိုတင်ရောင်းကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာအပြီး ဒီနေ့အထိ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ထုတ်ရောင်းထားပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ပြင်ပနိုင်ငံခြားငွေကြေး ဈေးကွက်မှာ အမြင့်ဆုံးနှုန်းထား ကျပ် ၇,၀၀၀ ကျော်ထိ ရှိခဲ့တဲ့ ဒေါ်လာငွေလဲနှုန်းက ဆက်တိုက်အကျရှိခဲ့ပြီး ဒီနေ့မှာတော့ ကျပ် ၅,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။

အလားတူပဲ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာလည်း ‌ဒေါ်လာဈေးဟာ ၄,၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလမှာ ၃,၃၀၀ ဝန်းကျင်ကို ပြန်ကျသွားခဲ့သလို ၂၀၂၂ ခုနှစ်တုန်းကလည်း အလားတူဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ဒေါ်လာဈေးဟာ ၄,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာမှာ ၃,၀၀၀ ကျပ်အထိ ပြန်ကျသွားခဲ့ဖူးပါတယ်။

ထိုင်းဘတ်ဈေးကတော့ အရင် သီတင်းပတ်က ၁၆၀ ကျပ်ဝန်းကျင်ကနေ အခု ၁၄၄ ကျပ် ဝန်းကျင်အထိ ပြန်ကျဆင်းနေပြီး တရုတ်ယွမ်ကလည်း ၇၇၅ ကျပ်ကနေ ၆၉၀ ကျပ် ဝန်းကျင်အထိ ပြန်ကျဆင်းနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013