Home
နိုင်ငံတကာ
နီကာရာဂွါက နိုင်ငံရေးအကျဉ်းသား ၁၃၅ ဦးကို ပြန်လွှတ်
DVB
·
September 6, 2024
Photo-GUATEMALAN GOVERNMENT TV

အမေရိကန်ပြည်ထောင်စုဟာ နိကာရာဂွါသမ္မတ ဒယ်နီယယ်အော်‌တေဂါရဲ့ အစိုးရနဲ့ ဆွေးနွေးပြီးနောက်မှာ လူသားချင်းစာနာထောက်ထားမှုအရ နီကာရာဂွါရှိ နိုင်ငံရေးအကျဉ်းသား ၁၃၅ ယောက်ကို အကျဉ်းထောင်မှ ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ နီကာရာဂွါနိုင်ငံတွေအကြား လပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ ခုလို ပြန်လွတ်မြောက်လာကြကြောင်း အမေရိကန်နဲ့ ဂွါတီမာလာတို့က ပူးတွဲကြေညာချက်ထဲမှာ ပြောထားပါတယ်။

ကြာသပတေးနေ့မှာ လွတ်မြောက်လာသူတွေ အားလုံးဟာ နီကာရာဂွါနိုင်ငံသားတွေ ဖြစ်ကြပြီး တက္ကဆက်အခြေစိုက် ခရစ်ယာန် ဧဝံဂေလိအဖွဲ့အစည်း Mountain Gateway နဲ့ ဆက်စပ်နေတဲ့ ဧဝံဂေလိ အဖွဲ့တခုမှ သင်းအုပ်ဆရာတွေ၊ ကက်သလစ်လူဝတ်ကြောင်တွေနဲ့ စာသင်သားတွေလည်း ပါဝင်တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

ဧဝံဂေလိအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ နိကာရာဂွါ သင်းအုပ်ဆရာတွေနဲ့ ရှေ့နေတွေ ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး အခုနှစ် အစောပိုင်းမှာ ငွေကြေးခဝါချမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်းနဲ့ သူတို့ဟာ “မှားယွင်းစွာ အကျဉ်းချခံရတယ်” လို့ ဖော်ပြခဲ့ပြီး နောက်မှာတော့ အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

နီကာရာဂွါလူမျိုးတွေကို သယ်ဆောင်လာတဲ့ လေယာဉ်ဟာ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ဂွါတီမာလာစီးတီးကို ရောက်ရှိလာခဲ့ကြောင်း ဂွါတီမာလာသမ္မတ ဘာနာဒို အာရီဗာလိုရဲ့ ရုံးခန်းက ပြောကြားခဲ့ပါတယ်။

စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ခဲ့တဲ့ အနောက်ကမ္ဘာခြမ်းရေးရာ အမေရိကန် အဆင့်မြင့်သံတမန် အဲရစ်ခ် ဂျက်ကော့ဘ်စတိုင်းန်က လွတ်မြောက်လာသူ တချို့ကို ဂွါတီမာလာစီးတီးမှာ ကြိုဆို နှုတ်ဆက်ခဲ့ပြီး မနာဂွါအစိုးရကိုလည်း လူ့အခွင့်အရေးကို လေးစားပေးဖို့ ဝါရှင်တန်က တွန်းအားဆက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာသူတွေ ဂွါတီမာလာမှာ နေထိုင်မှာဖြစ်ပြီး သူတို့ဟာ တခြားနိုင်ငံကို သွားရောက်မယ်ဆိုရင် တရားဝင် တောင်းဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ နေထိုင်စားသောက်ရေးကို ပံ့ပိုးပေးထားကြောင်းလည်း ဂွါတီမာလာနဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နိကာရာဂွါ သမ္မတ ဒယ်နီယယ် အော်‌ေတဂါဟာ ၂၀၁၈ ခုနှစ်ကတည်းက ပြည်တွင်းရှိ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး သူ့ကို ဝေဖန်သူတွေကို ပူးပေါင်းကြံစည်မှုနဲ့ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချခြင်း၊ နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မနှစ်တုန်းက နီကာရာဂွါ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး အမေရိကန်ကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက သမ္မတ အော်‌ေတဂါဟာ နီကာရာဂွါကို အားနည်းအောင်လုပ်နေတဲ့ ရာဇဝတ်သားတွေကို ဖယ်ထုတ်လိုက်တာ ဆိုပြီး ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013