အင်းစိန်ထောင်တွင်းက ထောင်ဆေးရုံမှာ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဥ်းသား တယောက်ကို အကျဥ်းသား အခန်းသူကြီးက မုဒိမ်းပြုကျင့်ခဲ့ပြီး ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
နိုင်ကျဥ်းအမျိုးသားကို မုဒိမ်းမှုနဲ့ ထောင် ၁၀ နှစ် ချခံထားရတဲ့ အကျဥ်းသား အခန်းသူကြီး ဇင်မျိုးကို (ခ) မျိုးကြီးက သြဂုတ် ၂၀ ရက် မနက် ၃ နာရီဝန်းကျင်မှာ ထိုးကြိတ်ရိုက်နှက်ပြီး အလိုမတူဘဲ မုဒိမ်းပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အကျဥ်းသား အခန်းသူကြီးကို တစုံတရာ အရေးယူခြင်းမရှိဘဲ မုဒိမ်းမှုဖြစ်စဥ်ကို အဆောင်မှူး အောင်ကျော်ဆင့်က သိရက်နဲ့ သတင်းကို ဖုံးဖိထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်က “ကျူးလွန်သူကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု ပြုလုပ်စေချင်တယ်။ အဆောင်မှူးရဲ့ နှုတ်ပိတ်ထားမှုတွေနဲ့ ရင်ဆိုင်ရတာတွေကို ပြောင်းလဲချင်တယ်။ သြဂုတ်လမှာဖြစ်တဲ့ကိစ္စကို သတင်းမထွက်အောင် ဖုံးထားတယ်။ ဒါက မဖြစ်သင့်ဘူးပေါ့နော်။ အောင်ကျော်ဆင့်က ထောင်တွင်းစီးပွားရေးအနေနဲ့ ဖြစ်စဥ်တွေကိုဖုံးပြီး ပိုက်ဆံယူတာတွေ ရှိတယ်” လို့ ပြောပါတယ်။
အဆောင်မှူး အောင်ကျော်ဆင့်က ထောင်ပိုင် ဇော်လင်းအောင်ရဲ့ တပည့်အရင်းဖြစ်ပြီး သူအုပ်ချုပ်ရတဲ့ အဆောင်တွေမှာ အကျဥ်းသားအချင်းချင်း အုပ်ချုပ်ရတဲ့ အာဏာတွေကို ငွေကြေးတတ်နိုင်သူတွေကိုပေးပြီး နိုင်ကျဥ်းတွေအပေါ် ရိုက်နှက်တာ၊ ငွေညှစ် ခြိမ်းခြောက်တာ၊ မုဒိမ်းမှုတွေကို ဖုံးဖိပေးတာတွေ ပြုလုပ်ကာ ထောင်တွင်း စီးပွားရှာနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်းတယောက်က “ထောင်တွင်းအခြေအနေတွေက ပိုပြီး ဆိုးရွားလာတယ်။ ပြင်ပက မိသားစုက ရိက္ခာတွေ ပေးရင်တောင် လက်ထဲမရောက်လာတာ၊ ကြားထဲမှာ ဖြတ်တောက်ခံရတာတွေ ရှိတယ်။ ၈၈ ကာလထက် ခုကာလ ဖိနှိပ်ခံရမှုတွေက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ပြီး ပိုပြီးပြင်းထန်တယ်” လို့ ပြောပါတယ်။
အခုလို အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးဌာနဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။
အာဏာသိမ်းကာလအတွင်း နိုင်ငံရေးအကျဥ်းသား ၂၀,၀၀၀ ကျော် ဖမ်းဆီးခံရပြီး အကျဥ်းသားအချင်းချင်း ဖိနှိပ်ခံရမှု၊ ငွေကြေးဖြတ်တောက်ခံရမှု၊ ဆေးဝါးဖြတ်တောက်ခံရမှု၊ လိင်အကြမ်းဖက်ခံရမှု၊ နှိပ်စက်ညှဉ်းဆဲခံရမှုတွေ ပိုမိုကျူးလွန်ခံနေရပြီး အခက်အခဲတွေ များစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။