Home
သတင်းဓာတ်ပုံ
မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်း၏ ဈာပနကျင်းပ
DVB
·
August 21, 2024

အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် ရက်ပိုင်းအတွင်း ကွယ်လွန်သွားခဲ့တဲ့   မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ကိုဖေမောင်စိမ်း (အသက် ၅၀) ရဲ့   ဈာပနကို ဩဂုတ် ၂၁ ရက် ဒီကနေ့ မနက် ၁၁ နာရီက  ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ကျင်းပပါတယ်။

ဈာပနအခမ်းအနားကို စာပေ၊ အနုပညာ၊ ပန်းချီနဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ အများအပြား လာရောက်ခဲ့ကြပါတယ်။

ကိုဖေမောင်စိမ်းဟာ နိုင်ငံရဲ့အဖိုးတန်ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့မိတ်ဆွေ  ပန်းချီထိန်လင်းက တင်စားပြောဆိုခဲ့ပါတယ်။

ကိုဖေမောင်စိမ်းဟာ  ၂၀၂၂ ခုနှစ် မေ ၁၈ ရက်က လွိုင်ကော်မှာ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်က သူ့ကို  မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာပါ။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ  နံရိုးကျိုးသွားခဲ့သလို ရိုက်နှက်ခံရမှု ဒဏ်ကြောင့် ခါးအောက်ပိုင်းသေပြီး ဆေးကုသမှုခံခဲ့ယူခဲ့ရတယ်လို့ သူ့ရဲ့ဇနီး မခင်စုစုဌေးက  ပြောပါတယ်။

မကွယ်လွန်ခင်က သူ့ကို အင်းစိန်ဆေးရုံမှာ အကျဥ်းသားအဖြစ် ခြေချင်းနဲ့ ဆေးရုံတင်ထားပြီး ကျန်းမာရေး ဆိုးရွားလာချိန်  သြဂုတ်လ ၁၆ ရက်နေ့ကမှ လွှတ်မိန့်ရခဲ့တာ ဖြစ်ပါတယ်။ ထောင်က လွတ်လာပြီး အင်းစိန်ဆေးရုံကနေ ဆာကူရာဆေးရုံကို ပြောင်းရွှေ့ ကုသနေရင်း ၃ ရက်အကြာ  သြဂုတ် ၁၉ ရက် နေ့လယ် ၂ နာရီက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ကိုဖေမောင်စိမ်းဟာ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သား ဖြစ်ပြီး သူဟာ Yangon Film School ရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မှတ်တမ်းရုပ်ရှင်တွေလည်း ဖန်တီးရိုက်ကူးခဲ့ပြီး နိုင်ငံတကာဆုတွေ ရရှိခဲ့ပါတယ်။

ဧရာဝတီမြစ်ကြီးနဲ့ အဲဒီမြစ်ကြီးကို အမှီပြု နေထိုင်ခဲ့ကြတဲ့ မြန်မာ့လူနေမှုဘဝတွေကို ကိုဖေမောင်စိမ်း ရိုက်ကူးပုံဖော်ထားတဲ့ The River Our Ayeyarwaddy မှတ်တမ်းရုပ်ရှင်ဟာ လူသိများ ထင်ရှားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013