Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်း ထောင်ကလွှတ်ပြီး ရက်ပိုင်းအတွင်း ကွယ်လွန်
DVB
·
August 20, 2024
Photo -Nyein Aye Eain

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းဟာ စစ်ကောင်စီရဲ့ နှိပ်စက်မှုတွေကြောင့်ရတဲ့ ဒဏ်ရာတွေနဲ့ ထောင်ကနေလွတ်ပြီးရက်ပိုင်း သြဂုတ် ၁၉ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

ကိုဖေမောင်စိမ်းဟာ  ၂၀၂၂ ခု မေ ၁၈ ရက်က  လွိုင်ကော်မှာ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်က သူ့ကို  မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာပါ။ 

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးအတွင်း နံရိုးကျိုးသွားခဲ့သလို ရိုက်နက်ခံရမှုဒဏ်ကြောင့် ခါးအောက်ပိုင်းသေပြီး ဆေးကုသမှုခံခဲ့ယူခဲ့ရတယ်လို့ သူ့ရဲ့ဇနီး မခင်စုစုဌေးက ပြောပါတယ်။

“စစ်ကြောရေးမှာ ၂ ရက်ကတော့ အရမ်းအသကုန် နှိပ်စက်ခံရတယ်လို့ ပြောတယ်။ ရေလိုပဲ ဆေးတွေ တိုက်ပြီးတော့ မေးတယ်ပေါ့နော်။ သူ ဘာတွေဖြေလိုက်မှန်းတောင် မသိဘူးတဲ့။ လက်ကော ခြေထောက်ကော နောက်ပြန်ကြိုးတုပ်ပြီးတော့ တချိန်လုံးကန်ပြီး သမံတလင်းပေါ်မှာ တညလုံးထားပြီး ဘာမှမကျွေးဘဲ ရိုက်လိုက် မေးလိုက်၊ အဲဒီလိုလုပ်တယ်။ အဲဒီမှာတော့ နံရိုးကျိုးထားတဲ့ဟာတော့ ဓာတ်မှန်ထဲမှာတော့ ပေါ်တယ်။ အဲဒီတုန်းက ကျိုးထားတာ။ ဒါပေမဲ့ သူ့ဘာသူတောင် မသိပါဘူး။ လွိုင်ကော်စစ်ဆေးရုံက ဓာတ်မှန်ရိုက်ပေးတဲ့အခါကျတော့ နံရိုးတခု ကျိုးထားတာ ၂ နှစ်လောက်ရှိပြီလို့ ပြောတယ်။”

ကိုဖေမောင်စိမ်းဟာ ထောင်တွင်းမှာပဲ အခုနှစ် ဧပြီလမှာ အောက်ပိုင်းသေပြီး လဲသွားတာဖြစ်ပြီး  လွိုင်ကော် စစ်ဆေးရုံကို ဧပြီ ၂၅ ရက်နေ့မှာ ပို့ဆောင်ကုသခဲ့တာ ဖြစ်ပါတယ်။

ကိုဖေမောင်စိမ်းရဲ့ဇနီး မခင်စုစုဌေးက  “၂၅ ရက် ၄ လပိုင်းက ရောက်သွားတယ်။ ဆရာဝန်က ဖုန်းဆက်ပြီး အကြောင်းကြားတယ်ပေါ့။ ဆရာဝန်တွေကတော့ သူ့ကို အများကြီးဂရုစိုက်ပေးတယ်။ အဲဒီထဲက ကျမတို့က ရန်ကုန်ပြန်ခေါ်ဖို့ ကြိုးစားတာပေါ့။ ၇ လပိုင်း ၅ ရက်နေ့ကျမှ လာခေါ်လို့ရပါပြီပေါ့။ ကျမတို့က ၇ လပိုင်း ၄ ရက်နေ့မှာ တောင်ကြီးက သွားစောင့်တယ်။ လွိုင်ကော်ကနေ တောင်ကြီးကို ရွှေ့မယ်ဆိုတော့ ၅ ရက်နေ့မှာ တိုက်ပွဲတွေဖြစ်တော့ ခေါ်လို့မရဘူး။ စောင့်ရင်းနဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှ အစ်မတို့က လွိုင်ကော် လိုက်သွားတယ်။ ၁၂ မှာ လွိုင်ကော်ကနေ ထွက်ပြီး ညောင်ရွှေထောင်က သွားပို့ရတယ်။ ညောင်ရွှေထောင်မှာ တညသိပ် နောက်နေ့မနက် ညောင်ရွှေထောင်ကနေ ညနေ ၆ နာရီ အင်းစိန်ထောင်ကို ရောက်အောင်မောင်းပြီး အင်းစိန်ထောင်မှာ စာရင်းသွင်း၊ ၁၃ ရက်နေ့ ညမှာ အင်းစိန်ဆေးရုံမှာ ထားတာပေါ့နော်”လို့ ပြောပါတယ်။

မကွယ်လွန်ခင်က သူ့ကို အင်းစိန်ဆေးရုံမှာ အကျဥ်းသားအဖြစ် ခြေချင်းနဲ့ ဆေးရုံတင်ထားပြီး ကျန်းမာရေး ဆိုးရွားလာချိန်  သြဂုတ်လ ၁၆ ရက်နေ့ကမှ လွှတ်မိန့်ရခဲ့တာ ဖြစ်ပါတယ်။

ထောင်က လွှတ်မိန့်ရခဲ့ပြီးနောက်မှ အင်းစိန်ဆေးရုံကနေ ဆာကူရာဆေးရုံကို ပြောင်းရွှေ့ ကုသနေရင်း သုံးရက်အကြာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ကိုဖေမောင်စိမ်းဟာ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သား ဖြစ်ပြီး သူဟာ Yangon Film School ရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မှတ်တမ်းရုပ်ရှင်တွေလည်း ဖန်တီးရိုက်ကူးခဲ့ပြီး နိုင်ငံတကာဆုတွေ ရရှိခဲ့ပါတယ်။

ကိုဖေမောင်စိမ်း ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီဖြစ်ပြီး သူ့ရဲ့ဈာပနကို မနက်ဖြန် သြဂုတ် ၂၁ ရက်မှာ ရန်ကုန်မြို့ ရေဝေးသုသာန်ခန်းမ ၁၊ မနက် ၁၁ နာရီမှာ ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013