ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ဖျာပုံခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
ဖျာပုံမြို့နယ်က ကိုထက်လင်း၊ ဦးသန်းလွင်နဲ့ ကျိုက်လတ်မြို့နယ်က ကိုအောင်လှိုင်းကိုကို တို့ကို စစ်ကောင်စီလက်အောက်ခံ ဖျာပုံခရိုင်တရားရုံးက ဇူလိုင် ၂၉ ရက်မှာ တယောက်ကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့ နီးစပ်သူတယောက်က “အားလုံးက စွပ်စွဲ အဖမ်းခံရတာ။ ထောင်ဒဏ်ထပ်ချခံရတဲ့ ၃ ယောက်ထဲက ဦးသန်းလွင် တယောက်ပဲ NLD ပါတီရဲ့ ရပ်ကျေးအဆင့် ဥက္ကဋ္ဌဟောင်းပါ။ ကျန်တဲ့ ၂ ယောက်က အရပ်သားတွေပါ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဖျာပုံခရိုင်တရားရုံးက ကိုထက်လင်းကို ပုဒ်မ ၅၀(ဈ) နဲ့ ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ၇ နှစ် ၊ ၅၂(က) နဲ့ ၃ နှစ်၊ ဦးသန်းလွင်ကို ပုဒ်မ ၅၀(ဈ) နဲ့ ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ၇ နှစ်၊ ၅၂(က) နဲ့ ၃ နှစ်၊ ကိုအောင်လှိုင်းကိုကို ကို ပုဒ်မ ၅၀(ဈ) နဲ့ ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ၇ နှစ်၊ ၅၂(က) နဲ့ ၃ နှစ်ဆိုပြီး အသီးသီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
တရားရုံးနဲ့ နီးစပ်သူက“ဦးသန်းလွင်ပါ ၃ ယောက်ကို ဖျာပုံခရိုင် တရားရုံးက တယောက် အနှစ် ၂၀ စီ အမိန့်ချတာပါ။ ၃ ယောက်စလုံးကို ပုသိမ်ထောင်ပို့မယ်လို့ သိရတယ်။ ဘယ်နေ့ ပို့မလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ ၃ ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာက ဦးသန်းလွင်ရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးသန်းလွင်ရဲ့ သား ၂ ယောက်ကိုလည်း စစ်ကောင်စီ လက်အောက်ခံ ဖျာပုံခရိုင်တရားရုံးက ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားပါတယ်။
Photo - KL