လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက စောင့်ရှောက်ထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေလည်း အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ အရေအတွက်အတိကျမသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၂၀၀ကျော်တယ် ဦးမောင်မောင်ဆွေက DVB ကိုအတည်ပြုပြောပါတယ်။
လက်ရှိမှာတော့ ဦးထွန်းထွန်းဟိန်လည်းကျန်းမာရေးကောင်းမွန်ပြီး တချို့ကတော့ ထောင်ပွင့်တဲ့အချိန်မှာ မိုင်းစထိမှန်တဲ့သူတွေလည်းရှိတာကြောင့် အသေးစား ကုသမှုတွေလုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး အကျဉ်းထောင်တွေထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်နိုင်တာဟာ မြန်မာ့သမိုင်းမှာ ဘယ်ခေတ်မှာမှ မရှိခဲ့တဲ့အခြေအနေဖြစ်ပြီး ပြည်သူလူထုရဲ့ အောင်ပွဲလည်း နီးကပ်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ဒုတိယနယကနဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက အာဏာစသိမ်းစကတည်းက ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးထားခဲ့ပြီး နောက်ပိုင်းမှာ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စတင်ပြီးနောက် လားရှိုးကို MNDAAနဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး မြို့ရဲ့နေရာအများစုကို ထိန်းချုပ်ထားတာပါ။
ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာတော့ လားရှိုး-မူဆယ် လမ်းပေါ်မှာရှိတဲ့ ခလရ ၆၈ ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးအကျဉ်းထောင်ပွင့်သွားခဲ့တာဖြစ်ပြီး ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အပါအဝင် အကျဉ်းသားတွေ လွတ်မြောက်သွားခဲ့တာပါ။
လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ စောင့်ရှောက်မှုအောက်ကို ရောက်ရှိနေပြီဖြစ်ပြီး တခြားထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ပါဦးမလားဆိုတာကိုတော့ DVB က စုံစမ်းနေဆဲဖြစ်ပါတယ်။
ထက်ဝေအောင်