မုံရွာအကျဥ်းထောင်ထဲကို ဩဂုတ် ၁၃ ရက်က မုံရွာရဲမှူးနဲ့ မြို့တော်ခန်းမှ စစ်သားတွေ ကားတွေနဲ့ ၀င်သွားကြတာ တွေ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင် စိုးရိမ်နေကြပါတယ်။
မုံရွာထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက “မနေ့က နေ့လယ်ဘက်မှာ မုံရွာ တိုင်းရဲမှူးနဲ့ မြို့တော်ခန်းမမှ စစ်သားတွေ ကားတွေနဲ့ ထောင်ထဲကို ၀င်သွားတယ်။ ပထမတော့ စိုးရိမ်သွားကြတာ။ စစ်သားတွေပါပါနေလို့။ နောက်တော့မှ သူတို့ မနှစ်က နိုင်ကျဉ်းတွေ အစာအငတ်ခံ ဆန္ဒပြခဲ့သေးတယ်လေ။ ပြီးတော့ အစာငတ်ခံ ဆန္ဒပြတာကို ထောင်က အရေးမလုပ်လို့ ကျန်တဲ့ နိုင်ကျဉ်းတွေက ကြွေးကြော်သံအော်ကြပါတယ်။ အဲဒီအတွက် အစာငတ်ခံတဲ့သူတွေကို လျှော့ရက် တနှစ်ပိတ်ပြီး ကြွေးကြော်သံအော်တဲ့သူတွေက ရာ-ကြီး ၁၄၇ နဲ့ တရားရုံးတင်ပါတယ်။ တင်တဲ့အခါမှာ ကြွေးကြော်သံ မအော်တဲ့သူတွေကိုပါ တရားထည့်စွဲတဲ့အတွက် ဆိုင်တဲ့သူသာ တရားစွဲဖို့ ဒီနှစ် ဒီလ ၈ ရက်နေ့က ထောင်ပိုင်ဆီ တောင်းဆိုခဲ့ကြတာပါ။ အဲဒီလို တောင်းဆိုလို့ အခုလို ရဲ နဲ့ စစ်သားတွေ ဝင်လာပြီး တမင်အင်အားပြ ခြိမ်းခြောက်တာလို့ ၀န်ထမ်းတွေဆီကပဲ သိရတာ” လို့ ပြောပါတယ်။
မုံရွာထောင်မှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာခရဲ၊ မီးသတ်၊ စစ်သားနဲ့ ထောင်ဝန်ထမ်းတွေ အထူးရှာဖွေရေးဆိုပြီး အင်အားများစွာသုံးကာ အကျဉ်းသားတွေရဲ့ အဝတ်အစား၊ စောင်၊ ဟင်း၊ ဆေးနဲ့ မုန့်တွေအားလုံးကို သိမ်းယူသွားခဲ့ပြီး အကျဥ်းသားတွေအတွက် အဝတ် ၃ စုံ နဲ့ စောင် ၂ ထည်ပဲ ပြန်ပေးခဲ့ပါတယ်။ အဲဒါတွေကို ပြန်ပေးဖို့ ထောင်ပိုင်အဆင့်ထံကို တင်ပြပြီး တောင်းဆိုခဲ့ကြရာမှာ ပြန်မပေးတဲ့အတွက် နိုင်ငံရေးအကျဥ်းသားတွေက အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။
နောက်တော့ ထောင်အာဏာပိုင်တွေက လာပြီးညှိနှိုင်းတဲ့အတွက် အဆင်ပြေသွားခဲ့ပေမဲ့ အဲ့ဒီ ဆန္ဒပြပွဲမှာ ပါသူတွေနဲ့ မပါသူတွေကိုပါ တရားထပ်စွဲတာ၊ လျှော့ရက် ပိတ်တာတွေ လုပ်လိုက်ကြောင်၊ အခု ထောင်ထဲကို စစ်သားတွေ၀င်လာတာကလည်း အဲဒီကိစ္စအတွက်လို့ ထောင်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ဆန္ဒပြပွဲမှာ မပါတဲ့သူ ၁၇ ယောက်ကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ဖြေလျှော့ပေးဖို့အတွက် ကိုဝေမိုးနိုင်(ခ)ပန်ဒါလေး နဲ့ ဦးဆောင်သူတယောက် အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၉ ယောက် လက်မှတ်ရေးထိုးပြီး ထောင်ပိုင်ကနေတဆင့် မြို့နယ်တရားရုံးကို ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က စာတင်ထားပါတယ်။
ကိုဝေမိုးနိုင်(ခ)ပန်ဒါလေးနဲ့ ဦးဆောင်သူ ၂ ယောက်က အဲဒီဆန္ဒပြပွဲကို သူတို့ ဦးဆောင်ခဲ့ကြောင်း၊ ကျန်တဲ့သူတွေ မပါတဲ့အတွက် သူတို့ကို တရားစွဲခြင်းမှ လွှတ်ပေးဖို့၊ ဖြောင့်ချက်ပေးဖို့ စာရေးပြီး တရားရုံးကို တင်ပြထားတယ်လို့ သိရပါတယ်။
ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခု စက်တင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပေမဲ့ အရေးယူ ဖြေရှင်းမပေးတာကြောင့် ကျန်တဲ့သူအချို့က ကြွေးကြော်ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံရေးအကျဥ်းသား ၁၇ ယောက်ကို တရားစွဲဆိုထားပြီး၊ အစာငတ်ခံ ဆန္ဒပြတဲ့ ကိုဝေမိုးနိုင်နဲ့ ဦးဆောင်သူတယောက်ကိုတော့ လျှော့ရက် ၁ နှစ်ပိတ်လိုက်ပါတယ်။
အခုကိစ္စတွေနဲ့ပတ်သက်ပြီး မုံရွာအကျဥ်းထောင်ကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀၀၀ ကျော်ရှိပြီး ထောင် ၁၀ နှစ်အထက် ကျတဲ့သူတွေကို အရင်က မန္တလေးထောင်၊ မြင်းခြံထောင်တွေကို ရွှေ့လေ့ရှိပေမဲ့ ပြီးခဲ့တဲ့ ၆ လ လောက်ကတည်းက ထောင်ပြောင်းရွှေ့တာ မလုပ်တော့တဲ့အတွက် ထောင်ထဲမှာ အကျဥ်းသားတွေ အရမ်းများပြီး ကျပ်သိပ်နေတယ်လို့ ထောင်က လွတ်လာသူတယောက်က ပြောပါတယ်။