မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က အမှတ် ၄၄ တပ်မဌာနချုပ် လက်အောက်ခံ ခလရ ၂ က စစ်ကောင်စီတပ်သား ၁ ယောက် ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေက အပူတပြင်း ရှာဖွေနေပြီး တပ်ရင်းနားတလျှောက်ကျေးရွာတွေမှာလည်း လုံခြုံရေး တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအခြေစိုက် အမှတ် ၄၄ လက်အောက်ခံ ခလရ ၂ က စစ်သား ၁ ယောက်ဟာ ဩဂုတ် ၇ ရက်နေ့က ထွက်ပြေးသွားတဲ့အတွက် ခလရ ၂ က စစ်သားတွေအပြင် ၄၄ တပ်က စစ်သားတွေပါ အနီးအနားကျေးရွာတွေနဲ့ မြိုထဲဘက်ကို အပူတပြင်းရှာဖွေနေပြီး ကင်းပုန်းဝပ်တာမျိုးလည်းရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်သားထွက်ပြေးသွားပြီးကတည်းက ဘိုက္ကားရွာထဲကသူတွေပါ တွေ့မိလားဆိုပြီး လိုက်မေးတာ။ သူတို့ အင်အားတော်တော်များများဖြန့်ပြီး တောက်လျှောက်လိုက်ရှာတာ။ စစ်တပ်နားရော၊ အနီးအနားက တပ်မဟာ ၁ ဘက်ကိုသွားတဲ့ ရွာတွေဘက်ကိုပါ ကင်းပုန်းထိုးတာတွေရှိတယ်။ မြို့ထဲဘက်မှာရှိတဲ့ တည်းခိုခန်းတွေမှာလည်း ဧည့်စာရင်း စစ်တာတွေလည်း လုပ်တယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားထဲမှာ လက်နက်ပါမသွားဘဲ အခုထိတော့ ပြန်လည် ဖမ်းဆီးမိတာ မရှိသေးဘူးလို ခလရ ၂ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“သူ ပြေးသွားတော့ လက်နက်တော့မပါသွားဘူး။ လက်နက်မှမဟုတ်ပါဘူး၊ ဖိနပ်တောင် မပါသွားဘူး။ ဖိနပ်ချွတ်နဲ့ဒီတိုင်းထွက်ပြေးသွားတာ။ သူက ဒီနယ်ဘက်ကတော့မဟုတ်တော့ ပထမ တရက်တော့ ရွာထဲမှာ ပိတ်မိတာမျိုးရှိနေပေမယ့် ခုတော့လွတ်သွားပါပြီ။ အဲစစ်သား ထွက်ပြေးပြီးကတည်းက ခလရ ၂ က စစ်သားတွေက တာဝန်နဲ့မဟုတ်ဘဲ အပြင်ပေးမထွက်တော့ဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားဟာ ကေအဲန်ယူ နယ်မြေထဲကိုတော့ ခုချိန်ထိ ရောက်လာတာမရှိသေးဘူးလို့ ပြောပါတယ်။
ကျိုက်ထိုမြို့ရှောင်လမ်းအဝင်ဘက်နဲ့ အထွက်ဘက်မှာလည်း စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၈ ရက်နေ့ကစပြီး ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။