Home
မြန်မာသတင်း
ကျိုက်ထို၌ လက်နက်ကြီး‌မှန်ပြီး ပြည်သူ ၆ ဦး သေဆုံး၊ ဖမ်းဆီးခံ ရွာသား ၅ ဦး ပြန်မလွတ်သေး
DVB
·
July 24, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သားပြည်သူ ၆ ဦး သေဆုံးကာ  ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးကျေးရွာအနီးမှာ ဇူလိုင် ၂၃ ရက် မနက် ၉ နာရီက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ပျဉ်းကတိုးကုန်းကျေးရွာအတွင်းနဲ့ ရွာပြင်ဘက်ကို ကျရောက်ပေါက်ကွဲပြီး အသက် ၁၈ နှစ်ကျော်အရွယ် ကိုစိုးထက်ပိုင်၊ ကိုချစ်ကို၊ ကိုငြိမ်းချမ်းအောင်၊ ကို‌အောင်‌ဇင်ထွေး၊ ကိုအောင်ဆန်းနဲ့ အသက် ၂၉ နှစ်အရွယ် ကိုထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထိုဒေသခံတဦးက “ကျောက်တန်းလေးနားကို လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ဆုံပြီး တိုက်ပွဲဖြစ်တာ။ အဲဒါကို သိမ်ဇရပ်အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတာလား၊ ရွာတွေဘက်ကိုပဲ ပစ်မှတ်ထားပြီး ပစ်တာလားတော့‌ မသိဘူး။ ရွာထဲနဲ့ ရွာနားပတ်ဝန်းကျင်တွေ ပေါက်ကွဲတာ။ ပထမစဖြစ်ဖြစ်ချင်းပဲ ၂ ယောက်သေပြီး ၁၀ ယောက်လောက် ဒဏ်ရာရနေပြီး။ အကုန်လုံးပြီးသွားမှ စာရင်းကောက်ကြည့်တော့ ၆ ယောက် သေတယ်။ ၁၂ ယောက်တောင် ဒဏ်ရာရရှိပြီး စိုးရိမ်ရတဲ့သူတွေ ရှိတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၂ ဦးကို လူမှုကူညီရေးအသင်းတွေက သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ရသူတွေကိုတော့ ကျိုက်ထို ပြည်သူ့ဆေးရုံကြီးကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာလည်း ဇူလိုင် ၂၂ရက်နေ့က စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသားတဦး သေဆုံးပြီး ကိုယ်ဝန်သည် အပါအဝင် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ ရွာသား ၅ ဦး ပြန်လည်လွတ်မြောက်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာဘက်ကို ဇူလိုင် ၁၈ ရက်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမှာ ဥယာဉ်ခြံလုပ်ကိုင်ဖို့လာတဲ့ အမျိုးသား ၅ ဦးကို လမ်းပြဖို့နဲ့ လူသားဒိုင်းကာလုပ်ဖို့အတွက် ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ ဒေသခံ ဥယျာဉ်ခြံအလုပ်သမား ၅ ဦးဟာ ဇူလိုင် ၂၁ ရက်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံ‌တဦးက ပြောပါတယ်။

“စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ KNU တပ်မဟာ ၁ တပ်ရင်း ၃ ဘက်ကို စစ်ကြောင်းထိုးတာ။ ရွာသားတွေကို အရင်ဖမ်းတာ၊ ပြီးမှ တိုက်ပွဲဖြစ်ကြတာ။ ရွာသားတွေကို ဖမ်းတဲ့အချိန်က ၆ နာရီ၊ ၇ နာရီလောက်ပဲ ရှိသေးတာ။ တိုက်ပွဲဖြစ်တာက ၁၀ နာရီလောက်မှ ဖြစ်တာ။ ခုထိတော့ ပြန်မလွတ်သေးပါဘူး” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအလွန်မှာ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီ‌က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ကော တိုက်ပွဲပြီးဆုံးတဲ့ အချိန်မှာပါ ဝါးဒက်ကွင်းအခြေစိုက် ခမရ ၂၀၇ တပ်ရင်းက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ပိန္နဲကုန်း၊ ကျောက်ပုံကြီး၊ မဲရုံလေး အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံအများအပြား ယာယီစစ်ရှောင်ခဲ့ရပါတယ်။

ကျိုက်ထို အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှာ ဇူလိုင်လအစတည်းက စစ်သင်တန်းအပတ်စဉ် ၁ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား ၃၀၀ လောက် ရှိနေပြီး တပ်မဟာ ၁ တပ်ရင်း ၃ ထဲကို စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013