Home
ရုပ်သံ
ရမခတိုင်းမှူးအသစ် မိသားစုလိုက် ပုန်းရှောင်နေပြီး ဘေးကင်းလုံခြုံတဲ့နေရာမှ အမိန့်ပေးနေ 
DVB
·
July 24, 2024

လားရှိုးမြို့သိမ်းတိုက်ပွဲကာလမှာ  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးအသစ် ဖြစ်လာတဲ့  ဗိုလ်ချုပ်စိုးလှိုင်က မိသားစုကို ခေါ်ပြီး လုံခြုံတဲ့နေရာကိုရှောင်ကာ အဲဒီနေရာကနေ အရာရှိ၊ စစ်သည်တွေ အမိန့်ပေးနေလို့ တိုင်းစစ်ဌာနချုပ်အတွင်း မကျေမနပ် ဖြစ်နေကြတယ်လို့ ရမခနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တိုင်းမှူးတာဝန်ထမ်းဆောင်တာ တပတ်သာရှိသေးတဲ့ ဗိုလ်ချုပ်စိုးလှိုင်ဟာ သူနဲ့သူမိသားစုကို စောင့်ရှောက်ဖို့ ခမရနဲ့ ခလရ ကအရာရှိ၊ စစ်သည်တချို့ကို ခေါ်ကာ လုံခြုံတဲ့နေရာကနေ အမိန့်ပေးနေပြီး  ဒုတိုင်းမှူးက  ဦးဆောင်တိုက်ခိုက်နေရတာကြောင့် တပ်တွင်း မကျေလည်မှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

ရမခနဲ့ နီးစပ်သူတဦးက “တိုင်းမှူးက စရောက်တဲ့နေ့ပဲ လာတယ်။ နောက်ရက် မတွေ့ရဘူး။ ဘယ်မှာရှိလဲ မသိရဘူး။ တိုက်ခိုက်ရေးတပ်တွေကို သူ့မိသားစုအတွက် အသုံးပြုနေတယ်။ ဒုတိုင်းမှူးက တိုက်နေတယ်။ ဒုတိုင်းမှူးကလည်း သူချည်းတိုက်နေရလို့ ဖြစ်ရင် အကုန်ခံရမှာဆိုတဲ့ သဘောထားလိုက်ပြီး တိုင်းစစ်ဌာနချုပ် မကြာခင် MNDAA လက်ထဲ ရောက်တော့မှာ” လို့ ပြောပါတယ်။

ကိုးကန့်တပ် MNDAA အဖွဲ့ဆီ ဒုဗိုလ်မှူးကြီးဝေမိုးနိုင်နဲ့ အရာရှိစစ်သည် ၃၁၇ ဦး လက်နက်ချအညံ့ခံပြီးနောက် တပ်ရင်း၊ တပ်ဖွဲ့တွေထံက ဖုန်းတွေအကုန်သိမ်းထားတယ်လို့ ခမရ ၄၁ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျခဲ့ရင် ဝန်ကြီးချုပ်၊ ကစထမှူး၊ တိုင်းမှူးတို့ကို စစ်ခေါင်းဆောင်က အနားပေးမယ်လို့ သတိပေးပြောဆိုခဲ့ပြီး တိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို အနားပေးခဲ့ကာ ဗိုလ်မှူးချုပ်စိုးလှိုင်နဲ့ အစားထိုးခန့်ခဲ့ပေမဲ့ ထူးခြားမှု တစုံတရာမရှိဘူးလို့ စစ်ရေးသုံးသပ်သူတွေက  ဝေဖန်နေကြပါတယ်။

ရပခတိုင်းမှူးသစ်ဟာ  စစ်တက္ကသိုလ် အပတ်စဉ်  ၄၂ ဆင်းဖြစ်ပြီး တပ်မ ၉၉ မှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024