Home
နိုင်ငံတကာ
ဂျော်ဂျီယာပြည်နယ် အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးသေဆုံး
DVB
·
September 5, 2024
Photo-GEORGIA BUREAU OF INVESTIGATION

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ စက်တင်ဘာ ၄ ရက်က အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတယောက်ရဲ့ ပစ်ခတ်မှုအတွင်း ကျောင်းသား ၂ ယောက်နဲ့ ဆရာ ၂ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တခြား ၉ ‌ယောက်ကိုလည်း ဆေးရုံပို့ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘားရိုးကောင်တီနယ်မြေထဲက ဝင်းဒါးမြို့ရှိ အက်ပလာချီ အထက်တန်းကျောင်းမှာ ကျောင်းတွင်းပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သံသယရှိသူကို ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားခဲ့ပါတယ်။

ကျူးလွန်သူ ဆယ်ကျော်သက်ဟာ အသက် ၁၄ နှစ်အရွယ် ကို့လ်ထ် ဂရေးလို့ ဖော်ထုတ်သိရှိရပြီး သူဟာ အရွယ်ရောက်ပြီးသူအဖြစ် စွဲချက်တင်ခံရမှာ ဖြစ်တယ်လို့ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ဒါရိုက်တာ ခရစ်စ် ဟိုဆီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကို့လ်ထ်ဂရေးဟာ မနှစ်တုန်းက ကျောင်းပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အွန်လိုင်း ခြိမ်းခြောက်မှုတွေအကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ တွေ့ဆုံမေးမြန်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဆီမီးအော်တိုမက်တစ်ရိုင်ဖယ်ကို ကိုင်ဆောင်ထားတဲ့ သေနတ်သမားကို ကျောင်းတာဝန်ကျ ရဲတပ်ဖွဲ့တွေက ခပ်မြန်မြန်ပဲ ထိပ်တိုက်တွေ့ခဲ့ပြီး သံသယရှိသူဟာ မြေပြင်ပေါ် ချက်ချင်းမှောက်ချပြီး လက်နက်ချခဲ့တယ်လို့ ဘားရိုးကောင်တီ ရဲအရာရှိ ဂျပ်ဒ်စမစ်သ်က ပြောပါတယ်။

အဖမ်းခံရပြီးတာနဲ့ သူဟာ စုံစမ်းရေးမှူးတွေနဲ့ စကားပြောဆိုခဲ့ပါတယ်။ စုံစမ်းရေးမှူးတွေက သူတယောက်တည်း လုပ်ဆောင်တယ်လို့ ယူဆကြပေမဲ့ သူ့ကို ဘာက တွန်းအားပေးခဲ့တယ် ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၄ နှစ်အရွယ် ကျောင်းသား ၂ ယောက်နဲ့ အသက် ၃၉ နှစ်နဲ့ ၅၃ နှစ်အရွယ် ကျောင်းဆရာ ၂ ယောက်တို့ဖြစ်ကြောင်း တာဝန်ရှိသူတွေက ဖော်ထုတ်ခဲ့ပါတယ်။

ဆေးရုံတင်ထားသူ ၉ ယောက်စလုံး ပြန်ကောင်းမွန်လာဖို့ မျှော်လင့်ထားကြောင်း ရဲမှူး စမစ်သ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စာသင်နှစ်စကတည်းက ပထမဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် တုန်လှုပ်ချောက်ချားနေကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013